သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိအဆင့်ဆင့်နဲ့ စစ်အာဏာရှင်တွေကို မွေးထုတ်ပေးနေတဲ့ တပ်မတော်စစ်တက္ကသိုလ် (DSA- Defence Services Academy) ဟာ အခုချိန်မှာ တဖြည်းဖြည်းနဲ့ ပျက်သုဉ်းရတော့မယ် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။
နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ စစ်တက္ကသိုလ်ကြီး(DSA) ကို ၂၀၁၀ အလွန်နှစ်များကစလို့ လျှောက်ထားတက်ရောက်လိုသူ တဖြည်းဖြည်းလျော့နည်းလာရာက ၂၀၂၁ အာဏာသိမ်းမှုကြီး ဖြစ်ပြီးတဲ့နောက်မှာတော့ DSA တက်ရောက်သူဦးရေဟာ သိသိသာသာကြီး ထိုးကျသွားပါတယ်။
အဲဒီလို စစ်တက္ကသိုလ်ကိုတက်ရောက်သူ နည်းလာတဲ့အတွက် အရင်က စစ်တက္ကသိုလ်မှာ ချမှတ်ကျင့်သုံးခဲ့တဲ့ တချို့သော စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျော့ပေးရတာမျိုးတွေအထိ လုပ်လာရပါတယ်။
အဲဒီအထဲကမှ အရေးကြီးဆုံးလို့ဆိုနိုင်တဲ့ စီနီယာ၊ ဂျူနီယာဆက်ဆံရေးလိုစနစ်တွေကို ဖြေလျော့ပေးလိုက်ရတဲ့အတွက် စစ်တပ်မှာအရေးအကြီးဆုံးဖြစ်တဲ့ အထက်အောက် အမိန့်နာခံမှုစနစ်ကြီးဟာ ပျက်စီးစပြုလာနေပြီလို့ လက်ရှိ စစ်တက္ကသိုလ်တွေမှာတက်ရောက်နေတဲ့ စစ်ဗိုလ်လောင်းမိသားစုဝင်တွေနဲ့ အဲဒီ စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ဖူးတဲ့ CDM အရာရှိတွေက ဆိုကြပါတယ်။
စစ်တက္ကသိုလ်တွေမှာ စီနီယာ၊ ဂျူနီယာစနစ်အုပ်ချုပ်တဲ့စနစ်ဟာ နှစ်ကြီးစီနီယာဗိုလ်လောင်းတွေက နှစ်ငယ်ဂျူနီယာဗိုလ်လောင်းတွေကို နှစ်အလိုက် အဆင့်ဆင့်ပြန်လည်အုပ်ချုပ်တဲ့စနစ်ပဲဖြစ်ပါတယ်။ အသက် ၁ နှစ်ကနေ ၃ နှစ်အထိသာကွာခြားတဲ့ စီနီယာဗိုလ်လောင်းတယောက်ရဲ့ အမိန့်ပေးသမျှ၊ ခိုင်းစေသမျှကို ပြန်ပြောဖို့ မဆိုထားနဲ့ မော့ကြည့်ခွင့်ပင်မရှိတဲ့အထိ အထက်အောက်အမိန့်နာခံမှုကို လေ့ ကျင့်သင်ကြားပေးထားတဲ့ စနစ်တခုလည်း ဖြစ်ပါတယ်။
အဲဒီလိုအုပ်ချုပ်တဲ့စနစ်မှာ စီနီယာဗိုလ်လောင်းတွေက ဂျူနီယာတွေကို ကြီးနိုင်ငယ်ညှဉ်း ထိုးကြိတ်ရိုက်နှက်တာတွေ၊ မိုးလင်းကနေမိုးချုပ်အထိ နည်းအမျိုးမျိုးနဲ့ အပြစ်ပေးတာတွေအပြင် စီနီယာဗိုလ်လောင်းတွေရဲ့ ဖိနပ်နဲ့ ဦးထုပ်၊ ကော်လံတွေမှာ တပ်ဆင်တဲ့ကြေးတံဆိပ် စတာတွေကို တိုက်ခိုင်းတာ၊ စီနီယာတွေနေထိုင်တဲ့အဆောင် အတွင်း၊ အပြင်သန့်ရှင်းရေး စတဲ့ အောက်ခြေသိမ်း ကိုယ်ရေး ကိုယ်တာကိစ္စတွေကိုပါ ခိုင်းစေအပြစ်ပေးတဲ့အထိ နှစ်ကြီးဗိုလ်လောင်းတွေက နှစ်ငယ်ဗိုလ်လောင်းတွေအပေါ် အာဏာသက်ရောက်ပါတယ်။
စစ်မှုထမ်းသက် ၁၁ နှစ်ရှိပြီး တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ်-၁၇ ဆင်း CDM တပ်မတော်အရာရှိတဦးက စီနီယာ၊ ဂျူနီယာအုပ်ချုပ်တဲ့စနစ်ဟာ အထက်အောက်အမိန့်နာခံတတ်ပြီး ရိုသေလေးစားမှုရှိအောင် လေ့ကျင့်ထားတဲ့စနစ်ဖြစ်ကာ ဗိုလ်လောင်းဘဝကတည်းက စီနီယာကိုပြန်မပြောရဲအောင်၊ ကြောက်အောင်လုပ်ထားတဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
“ဗိုလ်လောင်းဘဝကတည်းကကြောက်နေရတော့ အထက်စစ်ခေါင်းဆောင်ပိုင်းတွေရောက်ရင်လည်း ပြန်မဆန့်ကျင်ရဲတော့ဘူး ဆိုတာမျိုးနဲ့ အဲဒီလိုကြောက်အောင်ဘဲ စီနီယာက ဂျူနီယာကို ထိုးတာ၊ ကြိတ်တာ၊ ရိုက်တာ၊ နှက်တာတွေက ဟိုးအရင်အဆက်ဆက်ကတည်းက တရားဝင်သဘောမျိုး လုပ်လာတာ” လို့ သူက ဆက်ပြောပါတယ်။
ဒီလိုခွင့်ပြုပေးထားရာမှာ တချို့စီနီယာဗိုလ်လောင်းတွေဟာ သူတို့လက်အောက်က ဂျူနီယာဗိုလ်လောင်းတွေအပေါ် အာဏာတလွဲသုံးပြီး အနိုင်ကျင့်နှိပ်စက်တာတွေ လုပ်မိရာက အသက်သေတဲ့အထိဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီလွှတ်တော်ထဲ စရောက်ခဲ့တဲ့ ၂၀၁၂ လောက်ကစလို့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ဖြေလျှော့ပေးကာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ များလာတာကြောင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းတွေလည်း များပြားလာခဲ့ပါတယ်။
အရင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်တဲ့အခါ လူငယ်တွေဟာ အလုပ်အကိုင်ရဖို့ တခြားရွေးချယ်စရာ မရှိတဲ့အတွက် စစ်တပ်ကဖွင့်လှစ်တဲ့ စစ်တက္ကသိုလ်တွေမှာသာ အဓိက လျှောက်ထားတက်ရောက်ခဲ့ကြပါတယ်။
ဒါပေမဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၅ နောက်ပိုင်းမှာတော့ လူငယ်တွေအတွက် ရွေးချယ်စရာ အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာခဲ့တာကြောင့် အဲဒီစစ်ဘက်တက္ကသိုလ်ကျောင်းတွေကို တက်ရောက်ဖို့ လူငယ်တွေ စိတ်ဝင်စားမှုနည်းပါးသွားတာလို့ ၂၀၀၉ DSA အပတ်စဉ် ၅၅ ကို လျှောက်ထားခဲ့ဖူးသူတဦးက ပြောပါတယ်။
“ကျနော်တို့နှစ်တွေတုန်းက ဆယ်တန်းအောင်ရင် ဗိုလ်သင်တန်းဖြေ ဒါဘဲရှိတာ။ ရွေးချယ်စရာ သိပ်မရှိဘူး။ အပြင်တက္ကသိုလ်တွေက ဘွဲ့ရပြီးရင်အလုပ်တန်းမပေးနိုင်ဘူး၊ စစ်တက္ကသိုလ်တွေကမှ ဘွဲ့လည်းရ အလုပ်လည်းရတယ်ဆိုတာမျိုးပေါ့။ မိဘတွေကလည်း ဒါကိုဘဲအားပေးကြတာ။ နောက်ပြီးအဲ့ဒီကာလက ဒါမျိုးတိုက်ပွဲတွေဘာတွေက သိပ်မရှိဘူး” လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာမသိမ်းမီနှစ်တွေကပင် စစ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးနေတဲ့ DSA စစ်တက္ကသိုလ်ကျောင်း အပါအဝင် စစ်ကောင်စီတပ်လက်အောက်ခံ ဗိုလ်လောင်းကျောင်းတွေဖြစ်တဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ တပ်မတော်ဆေးစစ်တက္ကသိုလ် (DSMA)၊ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာတက္ကသိုလ် (MINP)စတဲ့ စစ်ဘက်တက္ကသိုလ်တွေကို စိတ်ဝင်စားမှုနည်းပါလာသလို ဝင်ရောက်လျှောက်ထားသူလည်း သိသိသာသာလျော့နည်းလာပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလတွေက DSA အပါအဝင် စစ်ဘက်ဆိုင်ရာတက္ကသိုလ်တွေကို နိုင်ငံတဝှမ်း လျှောက်ထားသူများပြားခဲ့ပြီး DSA ကျောင်းကိုတော့ နှစ်စဉ်ဗိုလ်လောင်းအသစ်အဖြစ် ဝင်ရောက်လာသူဦးရေမှာ ၁၀၀၀ နဲ့ အထက်အထိရှိခဲ့တယ်လို့ CDM တပ်မတော်သားတွေနဲ့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒါပေမဲ့ စစ်အာဏာမသိမ်းမီ ၂၀၁၉ ကခေါ်ယူခဲ့တဲ့ DSA အပတ်စဉ် ၆၅ မှာတော့ ဗိုလ်လောင်းအသစ်အဖြစ်ဝင်ရောက်လာသူ ၄၀၀ ဝန်းကျင်သာရှိတော့တယ်လို့ ၂၀၁၉ မှာ သင်တန်းဆင်းလာတဲ့ DSA အပတ်စဉ် ၆၁ က CDM တပ်မတော်အရာရှိတဦးက ပြောပါတယ်။
သူတို့ စစ်တက္ကသိုလ်ကို ပထမနှစ်အဖြစ်တက်ရောက်ခဲ့တဲ့ ၂၀၁၆ ကဆိုရင် ဗိုလ်လောင်းစုစုပေါင်း ၈၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဆင်းတဲ့နှစ်မှာ ၄၀၀ နီးပါးလောက်ဘဲ ဝင်လာတာပေါ့။ အဲဒီနောက် ကိုဗစ်ဖြစ်တာနဲ့ အာဏာသိမ်းတာနဲ့မှာ အဲဒီထက်ကို အများကြီးနည်းသွားတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီ CDM တပ်မတော်သားအရာရှိက ဆိုပါတယ်။
၂၀၁၀ ဝန်းကျင်ကခေါ်ယူတဲ့ DSA အပတ်စဉ် ၅၅၊ ၅၆ တွေအထိ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းအင်အားများပြားတဲ့အတွက် အနော်ရထာ၊ ဘုရင့်နောင်၊ အောင်ဇေယျ စတဲ့ ဗိုလ်လောင်း တပ်ရင်းတွေမှာ တပ်ရင်း ၁ ရင်းကို တပ်ခွဲ ၁၄ ခုအထိ ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၁၆ သူရောက်တဲ့ အပတ်စဉ် ၆၁ မှာတော့ ဗိုလ်လောင်းတပ်ရင်းတွေကို တပ်ခွဲ ၇ ခုနဲ့သာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
“ကျနော်တို့ ပထမနှစ်ဝင်တော့ တပ်ခွဲ ၇ ခုဘဲ ထားနိုင်တော့တယ်။ လူနည်းလာတော့ ဖွဲ့စည်းပုံတွေပြင်ပြီး တပ်ခွဲတွေ ချုံ့လိုက်ရတာ။ အခုအာဏာသိမ်းပြီးတော့ ပိုဆိုးသွားတာ။ First Year to Final ၄ နှစ်ပေါင်းမှ တပ်ခွဲ ၃၊ ၄ ခုဘဲ ထားနိုင်တော့တယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာပြည်အနှံ့ဆန္ဒပြမှုတွေမှာ စစ်တပ်က အကြမ်းဖက်ဖြိုးခွင်းသတ်ဖြတ်တာ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးတာ၊ ရက်ရက်စက်စက် သတ်ပစ်တာတွေ တောက်လျှောက်လုပ်ခဲ့တာကြောင့် စစ်ကောင်စီအပေါ် ပြည်သူလူထုက အမုန်းကြီး မုန်းခဲ့ပါတယ်။ အလားတူ စစ်ဗိုလ်တွေနဲ့ အာဏာရှင်တွေ ထွက်ရှိရာ DSA ကို ဒေါ်စိန်အေးလို့ လှောင်ပြောင်ခေါ်ဆိုခဲ့ကြပါတယ်။
အဲဒီအကျိုးဆက်ကတော့ ၂၀၂၁ စစ်ဘက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဗိုလ်လောင်းလျှောက်လွှာ ခေါ်ယူတဲ့အခါ ဝင်ခွင့်လျှောက်ထားသူဟာ သိသိသာသာကြီး ထိုးကျသွားပါတယ်။ အဲဒီနှစ်ခေါ်ယူမှုမှာ လျှောက်ထားသူနည်းပါးလွန်းလို့ ဝင်ခွင့်ဖောင်ပိတ်မယ့် သတ်မှတ်ကာလကို ဩဂုတ်လကနေ အောက်တိုဘာလ အထိ ၁ လ ၂ ကြိမ်တိုးမြှင့်ပြီး ခေါ်ယူရတဲ့အထိဖြစ်ခဲ့ပါတယ်။
အဲဒီနှစ်မှာ စစ်တက္ကသိုလ်(DSA)ကို ရောက်ရှိလာသူ ဗိုလ်လောင်း ၁၀၀ ဝန်းကျင်နဲ့ တပ်မတော် နည်းပညာတက္ကသိုလ် (DSTA)ကို ရောက်ရှိလာသူ ဗိုလ်လောင်း ၆၀ ခန့်သာရှိတယ်လို့ တပ်မတော် နည်းပညာတက္ကသိုလ်(DSTA) တက်ရောက်နေဆဲဖြစ်တဲ့ ဗိုလ်လောင်းတဦးရဲ့ မိသားစုဝင်တဦးဆီက သိရပါတယ်။
စစ်တက္ကသိုလ်တွေမှာ ဗိုလ်လောင်းတွေနည်းလာတဲ့အတွက် အရင်ကကျင့်သုံးခဲ့တဲ့ စီနီယာ၊ ဂျူနီယာ အပြန်အလှန်ထိန်းကျောင်းအုပ်ချုပ်တဲ့ စနစ်ကိုလည်း ပြောင်းလဲလိုက်ရပါတယ်။ ဂျူနီယာတွေအပေါ် ထိုးကြိတ်တာ၊ အပြစ်ပေးတာ၊ ကိုယ်ရေးကိုယ်တာကိစ္စခိုင်းစေတာတွေမှာ နှစ်ကြီးသမားတွေကို တိုက်ရိုက်အုပ်ချုပ်ခွင့် မပေးတော့ဘဲ သက်ဆိုင်ရာအရာရှိတွေကသာ တာဝန်ယူပါတော့တယ်။
“အဓိက က အောက်ကဝင်လာတဲ့ လူလည်းနည်းတော့ အပေါ်ကခိုင်းတဲ့လူကများပြီး ကြောက်လန့်ပြီး ထွက်ပြေးမှာ ကြောက်တာ။ အောက်ကိုပြန်ချော့ပြီး အုပ်ချုပ်နေရတဲ့သဘော” လို့ ဗိုလ်လောင်းမိသားစုဝင်က ဆက်ပြောပါတယ်။
အဲဒီလို စီနီယာက ဂျူနီယာကို ထိုးကြိတ်အပြစ်ပေးအုပ်ချုပ်တာမျိုး မပြုလုပ်ဖို့ စစ်အာဏာမသိမ်းမီကတည်းက စစ်ဘက်တက္ကသိုလ်တွေမှာ ကျောင်းအုပ်တွေအပါအဝင် အကြီးတန်းအရာရှိတွေကိုယ်တိုင် တဖြည်းဖြည်း စည်းကမ်းတင်းကျပ်လာတာဖြစ်တယ်လို့ DSA အပတ်စဉ် ၆၁ ဆင်း CDM တပ်မတော်အရာရှိက ထပ်လောင်းအတည်ပြုပါတယ်။
“ဂျူနီယာတွေကို ဗိုလ်လောင်းတပ်ခွဲအရာရှိတွေက တိုက်ရိုက်ကိုင်တာများတယ်၊ ကာပေးတာပေါ့။ လုံးဝမရှိတာတော့ မဟုတ်ဘူး။ တင်းကျပ်တာပေါ့။ အဓိက က နောက်ပိုင်း လူတဖြည်းဖြည်း နည်းလာတာကြောင့်ပဲ။ ကျနော်တို့တုန်းက ကျောင်းအုပ်ကြီးက ဗိုလ်ချုပ်ထင်လတ်ဦးပေါ့။ သူကိုယ်တိုင်စည်းကမ်း တင်းကျပ်ထားတာ။ အခုလို ဝင်မယ့်သူမရှိတဲ့ကာလ ပိုပြီးတင်းကြပ်တာပေါ့။ ကျနော်တို့သင်တန်းတက်တဲ့ ကာလမှာတောင် အဲလိုတွေ ဖြေလျှော့ထားပေးလို့ ဂျူနီယာက ပြန်ထိုးတဲ့ Anti (ဆန့်ကျင်မှု) ဖြစ်စဉ်တွေရှိခဲ့ဖူးတယ်” လို့ သူက ပြောပါတယ်။
၂၀၁၉ အရှေ့ပိုင်းကာလတွေက DSA ကျောင်းအုပ်ကြီးဟာ DSA အပတ်စဉ် ၃၅ ဆင်း ဗိုလ်ချုပ်ထင်လတ်ဦး ဖြစ်ပြီး လက်ရှိမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်( နပခ) စစ်တိုင်းမှူး ဖြစ်နေသူပါ။
သူပြောင်းရွှေ့သွားချိန်မှာတော့ လက်ရှိရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ)တိုင်းမှူးဖြစ်နေသူ DSA အပတ်စဉ် ၃၈ ဆင်း ဗိုလ်ချုပ်ဇော်ဟိန်းရောက်ရှိလာတာ ဖြစ်ပါတယ်။
စီနီယာ၊ ဂျူနီယာအနီးကပ်အုပ်ချုပ်မှုစနစ်ဟာ ဗိုလ်လောင်းဘဝကစလို့ စစ်ခေါင်းဆောင်ပိုင်းတွေ ရောက်တဲ့အထိ စီနီယာကို ပြန်မလှန်ရဲဖို့၊ မဆန့်ကျင်ရဲဖို့ ရည်ရွယ်ထားတာဖြစ်လို့ အခုလို ဗိုလ်လောင်းအုပ်ချုပ်မှုစနစ် တစထက်တစလျော့ရဲလာတာဟာ စစ်ကောင်စီတပ်အတွင်း ဆန့်ကျင်မှုတွေ ပိုမိုများပြားလာမယ့်ဆီကို ဦးတည်နေတယ်လို့ DSA အပတ်စဉ် ၆၁ ဆင်း CDM တပ်မတော်အရာရှိက မှတ်ချက်ပြုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကြား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်ဟာ အကျပ်အတည်းပေါင်းများစွာနဲ့ ဘက်ပေါင်းစုံကနေ ယိုယွင်းချိနဲ့နေပြီး တပ်အင်အားလိုအပ်ချက်ဟာလည်း အကြီးမားဆုံး ပြသာနာတခုအနေနဲ့ ရင်ဆိုင်နေရပါတယ်။
နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ တပ်အင်အားမဖြည့်တင်းနိုင်တာ၊ အရင်ကလို အလှည့်ကျအနားပေးပြီး တပ်အချိန်းအပြောင်းတွေ မလုပ်ပေးနိုင်တော့လို့ နှစ်ရှည်လများ တိုက်ခိုက်ရေး ဝင်နေရတဲ့တပ်တွေက တပ်ရင်းမှူးအဆင့်ရှိသူတွေ ကိုယ်တိုင်ဦးဆောင်ပြီး တပ်တွင်းပုန်ကန်မှုတွေ ဆက်တိုက်ဆိုသလို လုပ်လာကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ၊ မဲသလောက် စစ်အခြေစိုက်စခန်းမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ ခမရ ၄၀၃ နဲ့ ၄၀၅ တပ်ရင်းတွေက တပ်ရင်းမှူးတွေဟာ သူတို့ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းဦးရဲ့ အမိန့်ပေးစေခိုင်းတာကို ဆန့်ကျင်ကာ တပ်ပုန်ကန်မှုလုပ်ခဲ့ပါတယ်။
အဲဒီတပ်တွေဟာ ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ သရက်ချောင်းမြို့အခြေစိုက်တပ်တွေဖြစ်ပြီး တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေဟာ DSA အပတ်စဉ် ၄၆ နဲ့ ၄၇ ဆင်း အရာရှိတွေဖြစ်ပါတယ်။
DSA အပတ်စဉ် ၄၆ နဲ့ ၄၇ ဟာ ၂၀၀၀၊ ၂၀၀၁ တွေမှာ ဗိုလ်လောင်းပထမနှစ်တွေအဖြစ် တက်ရောက်ရတာဖြစ်ပြီး အဲဒီကာလတွေမှာ DSA ကျောင်းအတွင်း စီနီယာ၊ ဂျူနီယာစနစ် ကျင့်သုံးအုပ်ချုပ်မှု အပြင်းထန်ဆုံးကာလတွေ ဖြစ်ပါတယ်။
“ဒီဖြစ်စဉ်တုန်းက သူတို့က စစ်မတိုက်ချင်လို့ Anti(ဆန့်ကျင်)လုပ်တာဆိုပေမယ့် တပ်မမှူးလိုအဆင့်ကို ပြန်ခံပြောတာလို့ သိရတယ်။ DSA ၄၆၊ ၄၇၊ ၄၈ တွေ ဆိုတာ Intake(အပတ်စဉ်) ကပ်လျက်တွေပေါ့။ သူတို့အထက်က ဗျူဟာမှူးတွေက သူတို့စီနီယာတွေ၊ DSA ၄၂ တို့ ၄၃ တို့အပတ်စဉ်တွေပေါ့။ သူတို့စီနီယာ ဗျူဟာမှူးတွေကို မလုပ်နိုင်ဘူး ဘာညာနဲ့ပြန်ပြောပြီးဆန့်ကျင်တာ။ အဲဒီ DSA အပတ်စဉ်တွေက စီနီယာဆို အရမ်းကြောက်ရတဲ့အပတ်စဉ်တွေ” လို့ အဲဒီတပ်ပုန်ကုန်မှုဖြစ်စဉ်ကို သိထားတဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
အဲ့ဒီလို အမိန့်ဖီဆန်ပြီးတပ်ပုန်ကန်ခဲ့တဲ့ ခမရ ၄၀၃ နဲ့ ၄၀၅ ကတပ်ရင်းမှူးတွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာဘဲ စစ်ခေါင်းဆောင်တွေက နောက်တန်းကိုပြန်လည်ခေါ်ယူပြီး စစ်ခုံရုံးဖွဲ့စစ်ဆေးကာ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်တက္ကသိုလ်မှာ အကြောက်တရားနဲ့စနစ်တကျလေ့ကျင့်သင်ကြားပေးလိုက်တဲ့ အခြေအနေကထွက်လာတဲ့ စစ်ဗိုလ်တွေတောင် အမိန့်ဖီဆန်မှုတွေလုပ်နေရင် အခုလို လူသစ်ဝင်ရောက်မှုနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြေလျော့ပြီး အုပ်ချုပ်ပါက အာဏာဖီဆန်မှုတွေဟာ ရှေ့ဆက်ပြီး ဒီထက်ဆိုးရွားလာဖွယ်ရှိတယ်လို့ စစ်မှုထမ်းသက် အနှစ် ၂၀ နီးပါးရှိတဲ့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
စစ်ကောင်စီတပ်ထဲမှာ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ စစ်ဗိုလ်တွေကအစ ဆန့်ကျင်မှုတွေလုပ်လာရင် အောက်ခြေအဆင့်စစ်သားတွေပါ လုပ်လာကြလိမ့်မယ်လို့ သူက ဆိုပါတယ်။
စစ်တက္ကသိုလ်မှာ ဘယ်လိုပဲ ဖြေလျော့မှုတွေလုပ်နေပါစေ အနာဂတ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုရဲ့ အကျိုးစီးပွားတခုတည်းကိုသာ အကာအကွယ်ပေးနေတဲ့စစ်တပ်ထဲ ဝင်မယ့်သူမရှိ ဖြစ်နေရခြင်းအခြေအနေကို ဗိုလ်ကြီးဇင်ယော်က အခုလို မှတ်ချက်ပေးပါတယ်။
“အခု ဒီလောက်အကြမ်းဖက်နေတဲ့စစ်တပ်ကို ပြည်သူကရွံနေလို့ ဆယ်တန်းအောင် အရာရှိအဆင့် မပြောနဲ့၊ ၄ တန်းအောင်နဲ့ဝင်လို့ရတဲ့ အောက်ခြေတပ်သားအဆင့်တောင် စုဆောင်းလို့ မရဘူးဖြစ်နေတာ”
#မြေလတ်အသံ