မတ္တရာက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူများပြားပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ဒရုန်းတစီးလည်း ဆုံးရှုံး

မတ္တရာက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူများပြားပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ဒရုန်းတစီးလည်း ဆုံးရှုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်ကို ဒေသခံပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ - Eagle Guerrilla Force တပ်ရင်းမှူးက ပြောပါတယ်။

မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ တပ်စွဲနေတဲ့ အင်အား ၇၀ လောက်ရှိတဲ့ စစ်သားတွေကို အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီလောက်က ဒရုန်းနဲ့တိုက်ခိုက်ရာ ဒုတိယအကြိမ်မှာ ပျက်ကျခဲ့လို့  လက်နက်ငယ်တွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။    

“ပထမအကြိမ်ချတုန်းက ပစ်မှတ်ကို တည့်တည့်ကျတယ်။ ဒုတိယအကြိမ်မှာ စစ်ခွေးတွေပစ်တဲ့ Drone Killer ထိပြီးပျက်ကျသွားလို့ ဒရုန်းပြန်ရအောင်ဆိုပြီး လက်နက်ငယ်တွေနဲ့ ဓါတ်တိုင် ၂ ခန်းကျော်လောက်ကနေအနီးကပ် ဝင်တိုက်တာ။ အဲ့မှာလည်း စစ်သားတွေထိခိုက်ဒဏ်ရာရတာတွေများတယ်"လို့ Eagle Guerrilla Force က တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို မန္တလေးနန်းတော်ကို ကားနဲ့သယ်သွားသလို ပျက်ကျသွားတဲ့ တန်ဖိုး ကျပ်သိန်း ၂၃၀ ရှိ ဒရုန်းကို စစ်တပ်ကသိမ်းဆည်းသွားတာကို ကင်းထောက်ဆီကပြန်သိရတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က  ၂၀ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆုံးရှုံးသွားတဲ့ Drone အကြီးပြန်ဝယ်နိုင်ရေးနဲ့ ဆက်လက်အရှိန်မြှင့် တိုက်ခိုက်ဖို့အတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ 

တိုက်ခိုက်ခံရတဲ့ အောက်တိုဘာ ၅ ရက်ညနေမှာပဲ စစ်ကောင်စီတပ်က မန္တလေးဘက်နေကုန်ကြောင်းရေကြောင်းနဲ့ရောက်လာတဲ့ စစ်သားအင်အား ၃၀၀ လောက်ကို သုံးဆယ်ပေးရွာမှာ အားဖြည့်ထားပြီး အောက်တိုဘာ ၇ ရက် ဒီမနက်အထိလှုပ်ရှားမှု မတွေ့ရသေးဘူးလို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။

တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ - Eagle Guerrilla Force နဲ့ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး ကျောက်ဆည်ခရိုင်တပ်ရင်း ၁(နဂါးနီတပ်ရင်း)၊ Lightning Drone Force၊ ကောင်းကင်တော်လှန်ရေးအင်အားစု၊ မတ္တရာမြို့နယ် ပကဖနဲ့ ပုသိမ်ကြီးမြို့နယ် ပကဖတို့ပူပေါင်းခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ ရက်မနက်ကလည်း Eagle Guerrilla Force နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ရွှေဘိုမြို့နယ်က ပျူစောထီးတွေရှိတဲ့ မြင်ချင်းရွာကို ဒရုန်းအသုံးပြုကာ လက်လုပ်ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သလို စက်တင်ဘာလ ၂၈ ရက်ကလည်း မြင်းမူမြို့နယ်က ထွေအုပ်ရုံးနဲ့ရဲစခန်းကိုလည်း ဒရုန်း ၉ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါသေးတယ်။ 

ပုံစာ - ပျက်ကျခဲ့သည့် ဒရုန်းကိုတွေ့ရစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #တိုက်ခိုက်မှု #ဒရုန်း #စစ်ကောင်စီ #မဟာမိတ်ပူးပေါင်းအဖွဲ့ #မန္တလေးတိုင်း #မတ္တရာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10