မတ္တရာမြို့နယ်က စစ်တပ်စခန်းကုန်းတခုကို PDF က သိမ်းပိုက်

မတ္တရာမြို့နယ်က စစ်တပ်စခန်းကုန်းတခုကို PDF က သိမ်းပိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်းကုန်းတခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၇ ရက် မနေ့က မနက် ၁၀ နာရီခွဲဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မန္တလေး − ပြည်သူ့ကာကွယ်ရေး တပ်မတော်(MDY–PDF)တပ်ဖွဲ့ဆီက သိရပါတယ်။

မတ္တရာမြို့နယ် ကျွန်းပင်ကျေးရွာနဲ့ သဖန်းကိုင်းကျေးရွာကြားမှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ၄ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“အရှင်ဖမ်းမိထားတဲ့ ၄ ယောက်လုံးက စခန်းကုန်းကိုဝင် ရောက်စီးနင်းခဲ့တဲ့အချိန်မှာပဲ လက်ရ ဖမ်းဆီးခဲ့တာ။ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေလည်းရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ မရှိပါဘူး။” လို့ MDY – PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

အဲဒီစခန်းကုန်းကနေ လက်နက်မျိုးစုံ ၁၃ လက်နဲ့ လက်နက်နဲ့ ဆက်စပ်တဲ့ခဲယမ်အမြောက် အများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

ဒါ့အပြင် အရှင်ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကောင်းမွန်စွာထားရှိထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို တအောင်းတပ်မတော် PSLF / TNLA ၊ MDY PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

MDY PDF ပူးပေါင်းတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၉ ရက်က နောင်ချိုမြို့နယ်က လွင်ကြီးအကျဥ်းဦးစီးစခန်း၊ ကြူအင်းအကျဥ်းဦးစီးစခန်း၊ ဟိုခိုအကျဥ်းဦးစီးစခန်းနဲ့ ကုန်းစံအကျဉ်းဦးစီးစခန်း ၄ ခုတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။

စာတည်း−လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #စစ်ကောင်စီ #စခန်းကုန်း #မန္တလေး #ပြည်သူ့ကာကွယ်ရေးတပ်မတော် #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10