မတ္တရာမြို့ပေါ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီး

မတ္တရာမြို့ပေါ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ စကျင်ကျေးရွာကို ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးကာ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သြဂုတ် ၁၅ ရက် ည ၁၁ နာရီကျော်လောက်မှာ မတ္တရာမြို့နဲ့ ၁၀ မိုင်အကွာ စကျင်ကျေးရွာက ဘုရားကြီးရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ အရွယ် ဦးစိုးမိုးအောင်(ခေါ်) ဦးမိုး ကျည်ထိမှန်သေဆုံးသွားပြီး သူ့ရဲ့အမျိုးသမီးနဲ့ ကလေးကတော့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဆုံးသွားတဲ့ ဦးလေးက ဒူးခေါင်းအပေါ်က ဂုံညင်းအဝိုင်းကြီးကို ပြတ်ထွက်သွားတယ်။ တော်တော်များများထိတာ။ လက်ကောက်ဝတ် ပြတ်တယ်။ ခါးအောက်ပိုင်းတွေလည်း အကုန်ပေါက်ထွက်သွားတာ။ သူအိပ်တဲ့နေရာကိုကျတာ။ အိမ်က အမိုးတွေဘာတွေ စုတ်ပြတ်သတ်သွားတာ” လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။

ဦးစိုးမိုးအောင်ဟာ ဒဏ်ရာတွေနဲ့အတူ သြဂုတ် ၁၆ ရက် မနက် ၄ နာရီလောက်မှာ သူ့ရဲ့နေအိမ်မှာပဲ သေဆုံးခဲ့ပြီး ဒီနေ့မှာ သူ့ရဲ့ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ စကျင်ကျေးရွာကပြည်သူတွေဟာ ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေတာမျိုး မရှိပေမယ့်လည်း ညဘက်မှာတော့ ရွာပြင်ထွက်ပြီးရှောင်ဖို့အတွက် ပြင်ဆင်နေတာမျိုးတွေ ပြုလုပ်နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ယခင်က မတ္တရာမြို့ပေါ်ကနေ စကျင်ရွာဘက်ကို လက်နက်ကြီးနဲ့ပစ်တာမျိုးတွေ ပြုလုပ်ခဲ့ပေမယ့် အခုလို နေအိမ်ထိမှန်ပျက်စီးတာ၊ လူတွေသေဆုံးတာမရှိသလို ဒီတခါက ပထမအကြိမ် ဖြစ်တယ်လို့ဆိုပါတယ်။ 

“မတ္တရာမြို့ပေါ်ကနေ မြောက်ဘက်ကိုပစ်တယ်။ အနောက်ဘက်ပစ်တယ်။ အရှေ့ဘက်ကိုပစ်တယ်။ အဲဒီနေရာတွေကို အဓိကထားပြီးပစ်တယ်။ အရင်တုန်းကလည်း စကျင်ရွာဘက်ကိုကျတယ်။ အထိခိုက်မရှိဘူး။ အခုကတော့ လုံးဝပြည်သူတွေကို ထိခိုက်တာ။ အခုလောလောဆယ် ရွာသားတွေက အိမ်ထဲမှာပဲနေနေတုန်း။ ဒါပေမယ့် ညဘက်ဆို ဝေးတဲ့နေရာလေးတွေမှာ သွားအိပ်ဖို့စီစဉ်နေကြတယ် ” လို့ သူကဆက်ပြောပါတယ်။

သြဂုတ်လ တတိယပတ်အတွင်းမှာ မတ္တရာမြို့ပေါ်ကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်တာ ပိုမိုပြုလုပ်လာသလို လေယာဥ်တွေနဲ့ လှည့်ပတ်တာမျိုးတွေလည်း ပြုလုပ်လာတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်အပါအဝင် စစ်ကောင်စီတပ်စခန်း ၈ ခုကို ကာကွယ်ရေး ပူးပေါင်း တပ်တွေက သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ချအညံ့ခဲ့တဲ့ စစ်ကောင်စီတပ်သား ၆၇ ဦး နဲ့ မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကသတင်း ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ - လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည့် နေအိမ်။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10