မတ္တရာမှာ စစ်ကောင်စီက အမျိုးသား ၄ ဦးကိုသတ်ပြီး မြစ်ထဲပစ်ချခဲ့

မတ္တရာမှာ စစ်ကောင်စီက အမျိုးသား ၄ ဦးကိုသတ်ပြီး မြစ်ထဲပစ်ချခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲရှိ ကျေးရွာ ၂ ရွာက ဒေသခံအမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲပစ်ချခဲ့တယ်လို့ Wetlet Informational Network ဆီက သိပါတယ်။

မတ္တရာမြို့နယ်၊ နတ်ကြီးစင်ရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၁၄ ရက်မှာ ညောင်အုပ်ရွာထဲကို အင်အား ၆၀ ဝန်းကျင်နဲ့ ဝင်လာပြီး အဲဒီရွာမှာ လက်သမားလုပ်နေတဲ့ အသက် ၃ဝ ကျော်အရွယ် ညောင်းဝန်ရွာသား ၃ ဦးနဲ့ ညောင်အုပ်ရွာသား ၁ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ 

“ရွာသားတွေကို ဖမ်းသွားပြီးတော့သူတို့က တုတ်အထူကြီးတွေ နဲ့ ရိုက်တယ်။ သစ်သားတုတ်တွေ နဲ့ရိုက်တော့ ရေရှည်အရိုက်ခံရတော့ မလွယ်ဘူးလေ။ ကျန်ခဲ့တဲ့ ၂ ယောက်ကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ဆိုင်ကယ်တွေနဲ့ ဆွဲခေါ်သွားခဲ့တယ်” လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးချိန်မှာ အထက်ပါအမျိုးသား ၄ ဦးနဲ့အတူ အသက်မပြည်သေးတဲ့ လူငယ်တဦးလည်းပါဝင်ပြီး သူ့ကိုတော့ ရိုက်နှက်ပြီး ပြန်လွှတ်ခဲ့ကာ ကျန်သူတွေကိုတော့ ဆက်လက်ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံ အမျိုးသားတွေထဲက ၂ ဦးကတော့ ညောင်အုပ်ရွာတောင်ပိုင်း တနေရာမှာ ဇူလိုင်လ ၁၄ ရက်မှာပဲ စစ်သားတွေက ရိုက်နှက်နှိပ်စက်ချိန် သေဆုံးခဲ့ရာ မြစ်ထဲပစ်ချခဲ့ပြီး၊ နောက်ထပ် ၂ ဦးကိုတော့ ဇူလိုင်လ ၁၅ ရက်မှ နတ်စင်ကြီးရွာဘုန်းကြီးကျောင်းကို ခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်ကာ မြစ်ထဲ ထပ်မံပစ်ချခဲ့တာလည်း ဖြစ်ပါတယ်။  

အဲ့ဒီထဲက အမျိုးသား ၂ ဦးရဲ့ အလောင်းကို ဇူလိုင် ၁၄ ရက်တွေ့ခဲ့ပြီး၊ ၁ လောင်းကိုတော့ ၁၅ ရက်မှာ တွေ့ရှိခဲ့ကာ ၁ လောင်းကိုတော့ ဇူလိုင်လ ၁၉ ရက်ဒီမနက်မှ မြစ်ထဲက ပြန်ပေါ်လာတဲ့အတွက် ဒေသခံတွေက ဆယ်ယူသင်္ဂြိုလ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မတ္တရာ #စစ်ကောင်စီ #ဖမ်းဆီးသတ်ဖြတ် #ဒေသခံ #မြစ်ထဲပစ်ချ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10