မတ္တရာမှာ အဓမ္မငွေတောင်းတဲ့ စစ်ကောင်စီတပ် တရက်တည်း ၂ ကြိမ်တိတိ တိုက်ခိုက်ခံရ

မတ္တရာမှာ အဓမ္မငွေတောင်းတဲ့ စစ်ကောင်စီတပ် တရက်တည်း ၂ ကြိမ်တိတိ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၊ ငါးလုံးပြွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တရက်တည်းမှာ ၂ ကြိမ်တိတိတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေး အင်အားစု၊ ပြင်ဦးလွင်ခရိုင်ပကဖ တပ်ခွဲ (၁)ဆီက သိရပါတယ်။

ဇွန်လ ၈ ရက် မနေ့ မနက် ၁၁ နာရီလောက်မှာ ငါးလုံးပြွန်ကျေးရွာမှာ အင်အား ၅၀ နီးပါးနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အဲဒီကျေးရွာရဲ့ အရှေ့ဘက် တဖက်မှာရှိတဲ့ ရှမ်းရွာထဲကို ဝင်ရောက်သွားပြီ ဒေသခံတွေဆီကနေ အတင်းအဓမ္မ ငွေကြေးကောက်ခံနေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးတွေ ပစ်ချခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ တပ်ခွဲ (၁)မှ တာဝန်ခံချစ်လင်းက ပြောပါတယ်။

“ပြည်သူတွေဆီကနေ သူတို့(စစ်ကောင်စီ)တွေက တတ်နိုင်နိုင်၊ မတတ်နိုင်နိုင် တအိမ်ကို တသိန်းနဲ့လိုက် ကောက်နေတဲ့အချိန် ကျနော်တို့က ဒရုန်း ဗုံးသီး ၅ လုံးနဲ့ပစ်ချခဲ့တယ်။ ထိခိုက်သေဆုံးတာတွေတော့ ရှိနိုင်တယ်။ ဘယ်နှစ်ယောက်ထိသွားလဲဆိုတာတော့ အတိအကျပြောလို့မရဘူး။ နာရေးကားတွေ ဆင်းသွားတယ်လို့လည်း ကြားရတယ်” လို့ သူက ဆိုပါတယ်။

ထပ်မံပြီးတော့ အဲဒီနေ့ ည ၁၀ နာရီလောက်မှာလည်း ယင်းစစ်ကောင်စီတပ်ဖွဲ့ဟာ ငါးလုံးပြွန်ရွာ အနောက်ဘက် မှာရှိတဲ့ ချောင်မကြီးဆည်ဘက်ကို လှည့်ကင်းလှည့်နေချိန် အဆိုပါ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်လုပ်ပဒေသာမိုင်း ၅ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လက်နက်နဲ့ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့လို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ငါးလုံးပြွန်ကျေးရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဟာ ၂ လနီးပါးရှိပြီ ဖြစ်ပါတယ်။ ယင်းကျေးရွာက ဒေသခံတွေဟာ ကျေးရွာထဲမှာ မနေရဲတော့ဘဲ နီးစပ်ရာ ကျေးရွာတွေမှာ သွားရောက်နေထိုင်ရတယ်လို့လည်း အထက်ပါ တာဝန်ခံ ချစ်လင်းက ဆက်ပြောပါတယ်။

ပစ်ခတ်မှုကို ကောင်းကင်တော်လှန်ရေးတပ်ဖွဲ့ အင်အားစု၊ ပြင်ဦးလွင်ခရိုင်ပကဖ တပ်ခွဲ (၁) ၊ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ တိုက်သိမ်း (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) နဲ့ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

 

စာတည်း − လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာ #စစ်ကောင်စီ #အဓမ္မငွေတောင်း #ငါးလုံးပြွန်ကျေးရွာ #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10