မတ်ပဲပေါ်ချိန် ၁ တင်းလျှင် ကျပ် ၁ သိန်းကျော်နဲ့ ဈေးကောင်းရနေ

မတ်ပဲပေါ်ချိန် ၁ တင်းလျှင် ကျပ် ၁ သိန်းကျော်နဲ့ ဈေးကောင်းရနေ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ နိုဝင်ဘာက စိုက်ပျိုးခဲ့တဲ့ မတ်ပဲတွေ စတင်ရိတ်သိမ်းနေပြီး မတ်ပဲပေါ်ချိန်အစမှာ ၁ တင်းကို ကျပ် ၁ သိန်းနဲ့ ဈေးကောင်းရနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှမြို့နယ်၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်တို့မှာ ဇန်နဝါရီ နောက်ဆုံးပတ်က စတင်ပြီး မတ်ပဲတွေ ရိတ်သိမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလဆန်းပိုင်းမှာ မတ်ပဲပေါက်ဈေးဟာ ပိဿာ ၂၀ (၁ တင်း)ကို ကျပ် ၁ သိန်းကျော်ဈေးနဲ့ ဈေးကောင်းရနေတယ်လို့ တောင်သူတွေက ဆိုပါတယ်။ 

“ခုအတိုင်းဆို တွက်ခြေကိုက်မယ်။ လှိုင်လှိုင်ပေါ်လာမှ စျေးကျသွားမှာကိုတော့ စိုးရိမ်တယ် “ လို့ နတ်တလင်းမြို့ခံ မတ်ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

မတ်ပဲ တဧက စိုက်ပျိုးပါက စိုက်ပျိုးတဲ့အချိန်ကနေ ရိတ်သိမ်းခြွေလှေ့တဲ့အထိ ရင်းနှီးစရိတ်ဟာ ကျပ် ၈ သိန်း ဝန်းကျင်ကုန်ကျပြီး ရောဂါကျရောက်မှုရှိပါက စိုက်ခင်းတွေမှာ အဲ့ဒီထက်ပိုပြီး ကုန်ကျမှုရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မင်းလှမြို့နယ်က တောင်သူတဦးကလည်း  မတ်ပဲမျိုးဈေး၊ ထွန်ယက်ခအပြင် ဆေးစရိတ်အစစအရာရာ ဈေးကြီးပေးဝယ်ပြီး စိုက်ပျိူးထားရတာဖြစ်လို့  မတ်ပဲ ၁ တင်းကို ကျပ် ၁ သိန်း‌အောက်ကို ကျဆင်းပါက တွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်က လယ်သမားတဦးကလည်း မတ်ပဲဈေးကောင်းတာကြောင့် မတ်ပဲခင်းကနေ ကြွေကျတဲ့ မတ်ပဲတောင့်တွေကို ကောက်ပြီး အခွံခွာကာ အစေ့ကိုပြန်ရောင်းသူတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

“ကလေးလူကြီး ကောက်သူတွေရှိလာတယ်။ အရင်နှစ်တွေကလည်းရှိတယ် အခုနှစ်က ပဲကောက်သူ တဝက်လောက်ပိုများလာတယ်။ မတ်ပဲ နို့ဆီဗူး ၁ ဗူးကို  တထောင်‌ရောင်းရပြီး တနေ့ကို ၄ ဗူး ၅ ဗူးရတော့ ဝင်ငွေကလည်း ကောင်းနေကြတယ် စျေးတန်းလေးတော့ ငြိမ်နေစေချင်တယ်” ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ရာသီဥတုကောင်းမွန်ပြီး ရောဂါနဲ့  ပိုးကျရောက်မှုနည်းပါးက ပျမ်းမျှ မတ်ပဲ ၁ ဧကကို ၁၂ တင်း ထွက်ပြီး နတ်တလင်းအပါအဝင် အချို့က မြေသားကောင်းမွန်တဲ့ လယ်တွေဟာ ပျမ်းမျှ တဧက ကို  ၂၅ တင်းနဲ့ အထက်ထွက်တဲ့ လယ်ကွင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြီးခဲ့တဲ့နှစ် မတ်ပဲပေါ်ချိန် ဖေဖေါ်ဝါရီလဆန်းကတော့ မတ်ပဲ ပိဿာ ၂၀ (၁ တင်း)ကို ကျပ်ငါးသောင်းခွဲဝန်းကျင်သာ ဈေးပေါက်တယ်လို့ သိရပါတယ်။

ပုံစာ - မတ်ပဲနှုတ်ယူနေသည့် မြင်ကွင်း (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မတ်ပဲ #ဈေးကောင်းရ #နတ်တလင်း #စိုက်ပျိုးရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10