မတ်ပဲ ၁ တင်း ကျပ် ၁ သိန်းဈေးအောက် ပြန်ကျ

မတ်ပဲ ၁ တင်း ကျပ် ၁ သိန်းဈေးအောက် ပြန်ကျ

အခုနှစ် မတ်ပဲစပေါ်ချိန် ဖေဖေါ်ဝါရီလဆန်းပိုင်းက ပိဿာ ၂၀ တတင်းကို ကျပ် ၁ သိန်းကျော်နဲ့ အဖွင့်ဈေးကောင်းခဲ့တဲ့ မတ်ပဲဈေးဟာ ဖေဖေါ်ဝါရီလ ၁၃ ရက် မနေ့ကစလို့ ကျပ် ၁ သိန်းအောက်ကို ကျဆင်းသွားတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းမှာနေထိုင်တဲ့ မတ်ပဲရောင်းဝယ်သူတဦးဆီက သိရပါတယ်။

ဖေ‌ဖေါ်ဝါရီလဆန်းပိုင်းက မတ်ပဲ ပိဿာ ၂၀ တတင်းကို ကျပ် ၁ သိန်း ၁ သောင်း ဝန်းကျင်ထိ ရောင်းဝယ်မှုရှိခဲ့ပြီးမှ ကျပ် ၉ သောင်းခွဲဝန်းကျင်ကို ကျဆင်းသွားတာလို့ ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက မတ်ပဲကုန်သည်တဦးကတော့ မတ်ပဲဈေးကျဆင်းတာနဲ့ ပတ်သက်ပြီး အသေအချာ မသိရသေးသလို အဓိတင်ပို့ရောင်းချနေတဲ့ ရန်ကုန်ဒိုင်ဈေးကျတာကြောင့် စျေးချဝယ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

နတ်တလင်းမြို့နယ်က မတ်ပဲစိုက်တောင်သူတဦးကတော့ မတ်ပဲဈေးဆက်လက်ကျဆင်းမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“တသိန်းအောက်ကို ကျတယ်ဆိုတာကတော့ တောင်သူတွေအတွက် သတင်းဆိုးပါ။ ဒီထက် ဆက်ကျရင် စိုက်စရိတ်လောက်ပဲ ရနိုင်မယ်။ အရင်းအနှီးကြီးကြီးနဲ့ လုပ်ရတာ ဈေးဆက်ကျမှာ စိုးရိမ်တယ်”လို့ ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မိုးညို၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာ မိုးစပါးအပြီးမှာ မတ်ပဲကို စိုက်ပျိုးကြပြီး မြေအမျိုးအစားအလိုက် တဧကလျှင် ၁၂ တင်းမှ တင်း ၂၀ ကျော်အထိ ထွက်ရှိတယ်လို့ သိရပါတယ်။

မတ်ပဲတဧကစိုက်ပျိုးပါက မြေပြုပြင်သည်မှ ခြွေလှေ့ပြီးသည်အထိ ပျမ်းမျှ ကျပ် ၈ သိန်းကျော် ကုန်ကျတယ်လို့ ပေါင်းတည်မြို့က မတ်ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက နောက်ထပ် မတ်ပဲကုန်သည်တဦးကတော့ မတ်ပဲလှိုင်လှိုင်ပေါ်ထွက်လာပါက မတ်ပဲဈေးဟာ ကျပ်ကိုးသောင်းဝန်းကျင်အထိ ကျဆင်းနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

လက်ရှိမှာ မတ်ပဲတွေကို နှုတ်ယူခြွေလှေ့နေဆဲဖြစ်သလို နှုတ်မယူရသေးတဲ့ စိုက်ခင်းတွေလည်း ရှိနေသေးတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံကို လာမယ့် ၂၀၂၅ ခုနှစ်အထိ လွတ်လပ်စွာတင်သွင်းခွင့် ထပ်မံရရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မတ်ပဲဈေး #ဈေးကျ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10