မတ်လအတွင်း မြေလတ်ဒေသမှာ ရေနစ်သေဆုံးသူ ၁၆ ဦး ရှိ

မတ်လအတွင်း မြေလတ်ဒေသမှာ ရေနစ်သေဆုံးသူ ၁၆ ဦး ရှိ

မြေလတ်ဒေသအတွင်းက စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ အခုနှစ် မတ်လအတွင်း ရေနစ်သေဆုံးသူ ၁၆ ဦး ရှိတယ်လို့ ဒေသတွင်းပရဟိတအသင်းအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၆ ဦးနဲ့ ပဲခူးတိုင်းမှာ ၇ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးအမျိုးသမီး ၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မှာ မတ်လ ၅ ရက်ညနေက ဧရာဝတီမြစ်ထဲရေချိုးဆင်းတဲ့ ကိုရင် ၃ ပါး၊ မတ်လ ၆ ရက်ညနေက မကွေးတိုင်းရေနံချောင်းမြို့ ဧရာဝတီမြစ်(ဒေသအခေါ်ညောင်လှချောင်းသာ)မှာ အသက် ၁၅ နှစ်အောက် မိန်းကလေးနဲ့ယောင်္ကျားလေး ၄ ဦး၊ မတ်လ ၃၀ ရက်ကသရက်မြို့က အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦးနဲ့ မတ်လ ၃၁ ရက်မှာ မကွေးမြို့က အသက် ၂၀ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့မှာ မတ်လ ၁၉ ရက်က အသက် ၃၅ နှစ်အရွယ် အမျိုးသမီးအပါ မိန်းကလေးငယ် ၃ ဦး တချိန်တည်း ရေနစ်သေဆုံးပြီး မတ်လ ၅ ရက်က ကြို့ပင်ကောက်မြို့မှာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးအပြင် မတ်လ ၁၀ ရက်မှာ အမျိုးသား ၁ ဦး၊ ၂၄ ရက်မှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားကတော့ အတက်ရောဂါကြောင့် ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးတာလို့ သိရပါတယ်။

ရေနစ်သေဆုံးသူတွေထဲမှာ အသက် ၂၀ နှစ်နဲ့အထက် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးပါဝင်သလို အသက် ၁၅ နှစ်အောက် ယောင်္ကျားကလေး ၅ ဦးနဲ့ မိန်းကလေး ၆ ဦးပါဝင်ပြီး သူတို့ ၁၅ ဦးဟာ ရေချိုးဆင်းရင်း ရေနစ်သေဆုံးကြတာ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်နဲ့အောက် ကလေးငယ်တွေ ရေနစ်သေဆုံးရာမှာ နတ်တလင်းမြို့က မိဘအုပ်ထိန်းသူအပါ ရေနစ်သေဆုံးတာဖြစ်ပြီး ကြို့ပင်ကောက်က ကလေးငယ် ၂ ဦး၊ စစ်ကိုင်းမြို့က ကိုရင် ၃ ပါးနဲ့ရေနံချောင်းမြို့က ၄ ဦးဟာ အုပ်ထိန်းသူမပါပဲ ရေကူးကစားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - မတ်လ ၃၀ ရက်နေ့က သရက်မြို့လက်ထောက်လဝက တဦး မြစ်အတွင်း ရေနစ်ခဲ့စဉ်။

 စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10