မန္တလေးက နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူရှိ

မန္တလေးက နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ရဲစခန်းကို ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတဦးသေဆုံးကာ တဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ − မန္တလေး Generation Z Power က ဇန်နဝါရီလ ၃၁ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အောင်မြေသာစံမြို့နယ်၊ အမှတ် ၂ ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မနက် ၉ နာရီလောက်မှာ ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ထိသွားတဲ့ ပထမ ရဲတယောက်ကတော့ ဗိုက်ပွင့်ပြီးနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်ဗျ။ မျက်လုံးပွင့်သွားတဲ့ ရဲတယောက်ရဲ့ အခြေအနေကိုတော့ နောက်ဆက်တွဲ သတင်းမသိရသေးပါဘူး" လို့ GZP ရဲ့ ဘဏ္ဍရေးနဲ့ဆက်သွယ်ရေးတာဝန်ခံ ကိုသောကြာက ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဒါ့အပြင် ဇန်နဝါရီလ  ၂၇ ရက်ကလည်း အရာတော်မြို့နယ်က ပျူစောထီးအများစုနေတဲ့ သလဲဘာရွာကို မဟာမိတ်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ချိန်ကလည်း Generation Z Powerအနေနဲ့ ပါဝင်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီက လုံခြုံတိုးမြင့်ထားသလို ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကလည်း ရဲစခန်း၊ လဝကနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို နေ့စဥ်ဆိုသလို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ဇန်နဝါရီလ ၂၃ ရက်ကလည်း မတ္တရာမြို့နယ်၊ ကံပိုင်ကျေးရွာက စစ်ကောင်စီသတင်းပေး မနန်းဇူလိူင်ဆိုတဲ့ အမျိုးသမီးတဦးကိုလည်း သူရဲ့ရွာအနီးမှာ သုတ်သင်ခဲ့သေးပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10