မန္တလေးနဲ့ယောဒေသက PDF တွေအတွက် လက်နက်၊ ခဲယမ်းနဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေး

မန္တလေးနဲ့ယောဒေသက PDF တွေအတွက် လက်နက်၊ ခဲယမ်းနဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေး

မန္တလေးတိုင်းအတွင်းမြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF  မန္တလေးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေနဲ့ ဂန့်ဂေါခရိုင်ဗျူဟာက PDF တပ်ဖွဲ့ဝင်တွေအတွက် လက်နက်၊ ခဲယမ်းနဲ့ ချပ်ဝတ်တန်ဆာတွေတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံက သိရပါတယ်။

ရှေ့တန်းမှာ တိုက်ပွဲဝင်မယ့် မန္တလေးခရိုင် တပ်ရင်း ၅ PDF ရဲဘော် ၅၀ ဦးအတွက် ကျည်ကာအင်္ကျီ၊ ကျည်ကာပြား၊ အီကွေ့မန့်၊ ကျည်ကာဦးထုပ်နဲ့အစွပ် ၊ ကျောပိုးလွယ်အိတ် စတာတွေပါဝင်တဲ့ ချပ်ဝတ်တန်ဆာ ၁ စုံစီကို အောက်တိုဘာ ၁၉ ရက် မနေ့က တပ်ဆင်ပေးခဲ့တာလို့ အဆိုပါတပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

" ရှေ့တန်းမှာ ရဲဘော်တွေ ရဲဝံ့စွာတိုက်ပွဲဝင်နိုင်ဖို့နဲ့ စိတ်ဓာတ်မြင့်မားစေဖို့ ရည်ရွယ်တပ်ဆင်ပေးတာပါ" လို့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်းက ပြောပါတယ်။

ကျည်ကာအင်္ကျီ၊ ကျည်ကာပြား၊ အီကွေ့မန့်၊ ကျည်ကာဦးထုပ်နဲ့အစွပ်၊ ကျောပိုးလွယ်အိတ် စတာတွေ ပါဝင်တဲ့ ချပ်ဝတ်တန်ဆာ ၁ စုံအတွက် ကျပ် ၁၆ သိန်းတန်ဖိုးရှိပြီး ရဲဘော် ၅၀ ဦးစာ ကျပ်သိန်း ၈၀၀ ကုန်ကျမှုအတွက် ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့တပ်ရင်းရံပုံငွေတွေကနေ သုံးစွဲခဲ့တာလို့ သိရပါတယ်။

အလားတူ အောက်တိုဘာ ၂၀ ရက် ဒီကနေ့မနက်ပိုင်းမှာပဲ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ဗျူဟာအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးအပ်ပွဲ အခမ်းအနားကို ဂန့်ဂေါခရိုင်အတွင်းတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၃ တာဝန်ရှိထံက သိရပါတယ်။

ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ စတဲ့ တပ်ရင်း ၅ ခုကို ပူးပေါင်းပြီး ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဂန့်ဂေါခရိုင်ဗျူဟာအတွက် လက်နက်ခဲယမ်းတွေတပ်ဆင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

" အရေအတွက်ကတော့ နောက်တစ်သုတ်မှ သိရပါမယ်။ လတ်တလော အသုံးပြုနိုင်ဖို့ ခဲယမ်းအချို့တော့ပါလာတယ်" လို့ ခရိုင်တပ်ရင်း ၁၃ တာဝန်ရှိသူဗိုလ်ပုဂံက ပြောပါတယ်။

NUGMOD က တပ်ဆင်ပေးတဲ့ လက်နက်တွေမှာ MA 1၊ MA 2၊ MA 3၊ MA 4 စတဲ့ မောင်းပြန်ရိုင်ဖယ်တွေ ပါဝင်ပြီး ခဲယမ်းအများအပြားကိုလည်း တပ်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ - မန္တလေးခရိုင်တပ်ရင်း ၅ ချပ်ဝတ်တန်ဆာ ပေးအပ်ပွဲနဲ့ ဂန့်ဂေါဗျူဟာကို လက်နက်များ တပ်ဆင်ပေးနေစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ယော #PDF #ချပ်ဝတ်တန်ဆာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10