မန္တလေးပျူစောထီးတပ်ဖွဲ့ဝင်အသစ် စစ်သင်တန်းတွေမှာ အမျိုးသမီးတွေပါဝင်မှု များလာ (ရုပ်/သံ)

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ၎င်းတို့လက်အောက် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်အသစ်တွေကို လစဉ်စစ်သင်တန်းတွေပို့ချနေပြီး အဲ့ဒီစစ်သင်တန်းတွေမှာ ပျူစောထီးအမျိုးသမီးတွေ ဆက်တိုက်ပါဝင်လာတယ်လို့ မန္တလေးစစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖွင့်လှစ်တဲ့ ပျူစောထီးစစ်သင်တန်းမှာ အမျိုးသမီးတပ်ဖွဲ့သစ်တွေ ပါဝင်ခဲ့သလို ယခုအောက်တိုဘာလမှာ ဖွင့်လှစ်တဲ့ ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁၁ မှာလည်း အမျိုးသမီးတပ်ဖွဲ့ဝင်အသစ်တွေ ထပ်မံပါဝင်ခဲ့ပြီး ၎င်းစစ်သင်တန်းကို မန္တလေး ရန်ကင်းတောင်ခြေရှိ တပ်မ ၃၃ လက်အောက် တပ်ရင်းတခုမှာ ဖွင့်လှစ်နေတာလို့ ဆိုပါတယ်။

မြင်းခြံမြို့အနီးမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ စစ်တပ်အရာရှိတဦးကတော့ လက်ရှိမှာစစ်ကောင်စီတပ်ရဲ့ အရာရှိနဲ့ စစ်သည်အင်အားနည်းပါးလာလို့ ပြည်သူ့စစ်တွေကို လုပ်ပိုင်ခွင့်ပေးပြီး တပ်ဖွဲ့တွေ ဖွဲ့စည်းပေးထားတယ်လို့ ဆိုပါတယ်။

" ရွာထဲမှာ ငွေကောက်ကောက်၊ ဂိတ်ဖွင့်ဖွင့် ဘာမှပြောခွင့်မရှိဘူး။ လုပ်ပိုင်ခွင့်အကုန် သူတို့(ပသစ)ကို ပေးထားတဲ့သဘောပေါ့" လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ယနေ့ အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်လာတဲ့ မန္တလေးပြည်သူ့စစ်(ပျူစောထီး)သင်တန်း အပတ်စဥ် ၁၁ သင်တန်းရဲ့ လက်နက်ငယ်ပစ်ခတ်စဉ်လေ့ကျင့်မှု ရုပ်သံတခုမှာလည်း အမျိုးသမီးပျူစောထီးအဖွဲ့ဝင်သစ်တွေ သေနတ်ပစ်လေ့ကျင့်နေမှုကို တွေ့ရပါတယ်။

လက်ရှိ မန္တလေးတိုင်းအတွင်း ပြည်သူ့စစ်(ပျူစောထီး)တပ်တွေထဲမှာလည်း မြင်းခြံမြို့နယ်အခြေစိုက်တဲ့ မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဦးဆောင်တဲ့ တပ်ဖွဲ့ရှိနေပြီး လက်ရှိမှာလည်း မြင်းခြံခရိုင်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

စစ်အင်အား သိသာစွာလျော့နည်းလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ လူသစ်အဓမ္မစုဆောင်းတာအပြင် ၎င်းတို့စစ်ကောင်စီအမာခံ ပျူစောထီးတပ်ဖွဲ့ဝင်အသစ်တွေကို စုဆောင်းကာ စစ်သင်တန်းပေးတာနဲ့ လက်နက်ခဲယမ်းထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကန့်ဘလူနယ်က ဘုန်းကြီး ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့ကို သေနတ် ၁၃၀ ကျော်၊ ခဲယမ်းတွေနဲ့ စစ်ဝတ်တန်ဆာတွေ ထောက်ပံ့ပေးခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #ပျူစောထီး #သင်တန်း #အမျိုးသမီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10