မန္တလေး ချမ်းမြသာစည်ရဲစခန်းလိုင်းခန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရ

မန္တလေး ချမ်းမြသာစည်ရဲစခန်းလိုင်းခန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့မရဲစခန်းလိုင်းခန်းတခုကို ဒီဇင်ဘာလ ၂၁ ရက်မနေ့ကနေ့လယ်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defense Force -NMD က သတင်းထုတ်ပြန်ထားပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ မာလကာခြံရပ်ကွက်တောင်ဘက် ၈၆ × ၈၇ကြားနဲ့ ၄၅ × ၄၆ကြား၊ ဒေါနခြံရပ် အမှတ် ၁၀ က မြို့မရဲစခန်းလိုင်းခန်းကို နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ NMD-PDFတာဝန်ခံ ကိုZeus က ပြောပါတယ်။

"မြို့မရဲစခန်းလိုင်းခန်းထဲကို ခြံစည်းရိုးအပြင်ကနေ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာပါ။ ပျက်စီးမှုနဲ့ ထိခိုက်မှုကတော့ သေချာပေါက်ရှိမှာ၊ စုံစမ်းတုန်းပါ" လို့ပြောပါတယ်။

ဒေသခံတဦးပြောတာကတော့ ရဲစခန်းတိုက်ခိုက်ခံရအပြီး လူနာတင်ကားတွေ စခန်းအတွင်းဝင်သွားတာကို မြင်ရတယ်လို့ပြောဆိုထားကာ ထိခိုက်မှုအခြေအနေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

NMD-PDF အဖွဲ့ဟာ ဒီဇင်ဘာလ ၅ ရက်ညနေကလည်း မန္တလေးမြို့၊ အမရပူရရပ်ကွက်သစ်၊ တောင်သမန်ကန်ပတ်လမ်းက စစ်ကောင်စီစစ်လက်နက်ပစ္စည်းစက်ရုံ အနောက်မြောက်ပေါက်ကင်းတဲဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10