မန်ကျည်းကန်ရွာက လူငယ်တဦးကိုသတ်ပြီး ရွာသား ၁၄ ဦးကိုလည်း ဖမ်းသွား (ရုပ်/သံ)

မကွေးတိုင်း ၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာက အသက်မပြည့်တဲ့လူငယ်တဦးကို သတ်ဖြတ်သွားတဲ့အပြင် ရွာသား ၁၄ ဦးကိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန်ကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၁၈ ရက် နေ့လယ် ၁၁ နာရီကျော်လောက်မှာ Mi -35 ရဟတ်ယာဉ်တစီးနဲ့ ကျေးရွာထဲကိုပစ်ခတ်ခဲ့လို့ ဆေးရုံအဆောက်အဦးတခုနဲ့ နေအိမ် ၄ လုံး၊ ကား ၂စီး နဲ့ ဆိုင်ကယ် ၄ စီးတို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။


လေယာဉ်နဲ့ ဗုံးကျဲပြီးနောက် နာရီဝက်ခန့်အကြာမှာ Mi 17 ၂ စီးနဲ့ စစ်သား အင်အား ၇၀ ကျော် မန်ကျည်းကန်ကျေးရွာထဲကိုချထားခဲ့ပြီး မန်ကျည်းကန်ရွာထဲက ပြည်သူ ၂၀၀ ကျော်ကို ဖမ်းထားခဲ့ပြီး ကျေးရွာထဲမှာ တပ်စွဲထားခဲ့ပါတယ်။

ဧပြီလ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ Mi 35 ရဟတ်ယာဉ်တစီးထပ်ပြီး ရွာထဲကို လေယာဉ်နဲ့ ဗုံးကျဲခဲ့တဲ့အတွက် အဲဒီရွာက အထက်တန်းကျောင်းလည်း ပျက်ဆီး သွားခဲ့တယ်လို့ မြိုင်မြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

"အသက်မပြည့်သေးတဲ့ ကောင်လေးအသတ်ခံရတာက ကျနော်တို့ထင်တယ် မနေ့ကဖြစ်နိုင်တယ်။ သူတို့ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်သွားတယ်။ ရွာထဲမှာ လူစစ်တော့နောက်ထပ်တယောက် ပျောက်နေသေးတယ်။ ရဲဘော်တွေလည်းရှာနေတုန်းပဲ။ ဖမ်းဆီးခံရတဲ့ လူတွေထဲမှာ အမျိုးသမီး ၄ ယောက်ပါသွားတယ်လို့ ကျနော်တို့ကြားရတယ်" လို့ ဆိုပါတယ်။

ဖမ်းခံရတဲ့ ဒေသခံ ၁၄ ဦးကို မန်ကျည်းကန်ရွာနဲ့ ၈ မိုင်လောက်ဝေးတဲ့ ပျူစောထီးတွေ နေထိုင်ရာ ကျေးရွာဖြစ်တဲ့ ကန်နီရွာဘက်ကို ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်။

“ရွာသားတွေကို အဓိကဖမ်းခေါ်သွားတာ သူတို့တွေ မိုင်းတွေကြောက်လို့ပေါ့။ မိုင်းရန်ကနေသူတို့ကာကွယ်သွားတဲ့သဘော။ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဘာမှလှုပ်ရှားလို့မရဘူး။ ရွာသားတွေလည်းပါသွားတော့ ထိတွေ့မှုဖြစ်လို့ကမရဘူးလေ။ ရွာက စာသင်ကျောင်းကိုပါ သူတို့ပြန်ထွက်တဲ့အချိန် လက်နက်ကြီးတွေနဲ့ ပစ်သွားသေးတယ်”လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က မန်ကျည်းကန်ရွာထဲကနေ ပြန်ထွက်သွားပြီဖြစ်ပေမယ့် ရွာသားတချိုု့သာကျေးရွာထဲကို ပြန်နေထိုင်ကြပြီး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးပိုင်း တချို့ကတော့ တောထဲမှာပဲ ပုန်းရှောင်နေဆဲဖြစ်ပါတယ်။

တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10