မန်ကျည်းကန်ရွာမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာဝန်တဦးနဲ့ ဆေးကျောင်းသူတဦးကို အကျဉ်းထောင်ပို့
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာမှာ ဓါးစားခံအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ CDM ဆရာဝန်တဦးနဲ့ နောက်ဆုံးနှစ် ဆေးကျောင်းသူတဦးတို့ကို စစ်ကောင်စီတပ်က အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဟာ မန်ကျည်းကန်ကျေးရွာထဲကနေပြန်လည်ထွက်ခွာချိန် ရွာမှာလာရောက်ဆေးကုသနေတဲ့ ပြည်သူတချို့ နဲ့ ဆေးကုပေးတဲ့ ဆရာဝန်တဦး၊ နောက်ဆုံးနှစ်ဆေးကျောင်းသူတဦး စုစုပေါင်း ၁၄ ဦးကို မြိုင်မြို့နယ်ထဲကို ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
“ဖမ်းဆီးခံရတဲ့ ၁၄ ယောက်ထဲမှာ ၄ ယောက်က ကျန်ခဲ့တယ်။ ဆရာဝန်နဲ့ ဆေးကျောင်းသူက ထောင်ထဲရောက်သွားပြီလို့ ကြားတယ်။ သူတို့မိသားစုတွေနဲ့ အဆက်အသွယ် ပြန်ရနေပြီ။ သူတို့ကို ပခုက္ကူထောင်မှာပဲ ပို့ထားတယ်လို့ ကျနော်တို့ထင်တယ်။ နောက်ထပ် ရဲ CDM တဦးနဲ့ ရွာ ပကဖတွေ ပျောက်နေတယ်။ ဘာသတင်းမှမရဘူး။ တချို့ကတော့ ပြောတယ်။ သူတို့ကို မြိုင်မှာ ဖမ်းထားတယ်လို့ ကြားတယ်။ အစုံပါပဲ” လို့ မြိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ဖမ်းဆီးထောင်ပို့ခံရတဲ့ ဆရာဝန်မှာ အရိုးအကြော ဆရာဝန်ဖြစ်ပြီး မြိုင်နယ်မှာ လာရောက်ဆေးကုသပေးနေတာ တနှစ်ခန့်ရှိပြီဖြစ်ကာ နောက်ဆုံးနှစ်ဆေးကျောင်းသူကတော့ လာရောက်ဆေးကုသပေးနေတာ ခြောက်လလောက်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀ ဦးပြန်လည်လွတ်မြောက်လာပြီလို့ ပြောဆိုနေပေမဲ့လည်း ပြန်လည်လွတ်မြောက်လာတဲ့သူတွေထဲမှာ ၃ ဦးနဲ့သာ အဆက်အသွယ်ရပြီး ကျန်သူတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောပါတယ်။
“သူတို့ပြန်လွတ်လာတာကို ကျနော်တို့သိတာက ၂၆ ရက်နေ့ကသိတာပါ။ တချို့လည်းသူတို့ပြန်ရောက်လာပြီပြောတယ်။ ကျန်တဲ့လူတွေကလည်း ဆေးရုံလာတက်ရင်း ဖမ်းခံရတာဆိုတော့ သူတို့ရွာကို တန်းပြန်သွားတာ ဖြစ်လိမ့်မယ်။ ဘယ်လိုမှ အဆက်အသွယ်မရဘူး။ မန်ကျည်းကန်ရွာက ကောင်လေးပြောတာတော့ ၁၀ယောက် ပြန်လွတ်ခဲ့တယ်။ လေးယောက်ပဲကျန်ခဲ့တယ်ဆိုပြီးပြောတယ်” လို့ ဆိုပါတယ်။
မန်ကျည်းကန်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခိုက်တာ အများပြည်သူဝန်ဆောင်မှုပေးနေတဲ့ ကျေးရွာဆေးရုံကို မြေပြင်စစ်ကြောင်းတွေက မီးရှို့ဖျက်ဆီးသလို ကုသရေးပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တာပါ။
ဒါအပြင် ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးထက်မောင် သေဆုံးသွားတဲ့အပြင် ဆေးရုံအဆောက်အဦးတခု၊ နေအိမ် ၄ လုံး၊ ကား ၂ စီး နဲ့ ဆိုင်ကယ် ၄ စီးတို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share