မပေါက်ကွဲသေးတဲ့ ဗုံးသီးအဟောင်းကို ကိုင်မိရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးတဦး ဒဏ်ရာပြင်းထန်

မပေါက်ကွဲသေးတဲ့ ဗုံးသီးအဟောင်းကို ကိုင်မိရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးတဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း ၊ ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာက အသက် ၁၂ နှစ်အရွယ်ကလေးတဦး ဗုံးစထိမှန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ Yaw Revolution Army အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်က အကြည်ဘန်းရွာ၊ ရေကန်စပ်အနီးမှာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ၆၀ မမ ဗုံးသီးအဟောင်းကို လက်နဲ့ကိုင်တွယ်မိရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးစထိမှန်မှုကြောင့် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာလို့ ဆိုပါတယ်။

" ညာဘက်လက် ပြတ်သွားတယ်။ မျက်နှာညာဘက်ခြမ်းနဲ့ ခြေထောက်နှစ်ဖက်ပါ ဒဏ်ရာပြင်းထန်ရခဲ့တာ အသက်လုပြီးတော့ ကုသခဲ့ရတယ် " လို့ YRA တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ၆၀ မမ ဗုံးသီးဟာ ပြီးခဲ့တဲ့ဇွန်လ ဒုတိယပတ်အတွင်းက အကြည်ဘန်းရွာ ၊ကြည်းရွာ ၊အောင်းရွာ ၊ညောင်ရွာ၊ ညောင်ဟောင်းရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ် စစ်ကြောင်းထိုးဝင်ရောက်စဉ် မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရရှိဒဏ်ရာတွေကို ၄ ရက်ကြာ ဆေးကုသပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် အိန္ဒိယနိုင်ငံဘက်ကို ဆက်လက်ပို့ဆောင်ကုသမှသာ ယခုထက်ပိုမိုသက်သာနိုင်မယ်လို့ သိရပါတယ်။

ဒဏ်ရာရကလေးငယ်ရဲ့ မိဘတွေ CDM နဲ့ သာမန်တောင်သူတွေဖြစ်လို့ ဒဏ်ရာတွေပျောက်ကင်းဖို့အထိ ကုန်ကျမယ့်ကုသစရိတ်ဟာ သိန်းဆယ်နဲ့ချီရှိတာကြောင့် ဆေးကုသဖို့အတွက် အရေးပေါ်ငွေလိုအပ်နေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူတဦးက ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ယော #ဂန့်ဂေါ #ထီးလင်း #ဗုံးစထိမှန် #ကလေးငယ် #ဒဏ်ရာပြင်းထန် #ဆေးကုသစရိတ်လိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10