သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မူလကပင် တိုင်းရင်းသားလူမျိုးစုများကို အယုံအကြည်မရှိ၊ အမြင်မကြည်သည့် စစ်ခေါင်းဆောင်များသည် စစ်ကောင်စီတပ်အတွင်းရှိ တိုင်းရင်းသားနွယ် စစ်ဗိုလ်များကို ထိပ်ပိုင်းရာထူးကြီးကြီး ပေးလေ့မရှိ။
၎င်းတို့ကိုသစ္စာခံရမည့် ဗိုလ်ချုပ်နှင့်အထက် စစ်တပ်ထိပ်ပိုင်းရာထူးများတွင် တိုင်းရင်းသားစစ်ဗိုလ်များကို နေရာမပေးဘဲ ဗမာလူမျိုး စစ်ဗိုလ်များကို သီးသန့်ခန့်အပ်ခြင်းမှာလည်း စစ်ခေါင်းဆောင်များအတွက်က သဘာဝကျလှသည်။
သို့သော် ဗမာကြီးစိုးသည့် လက်တဆုပ်စာ စစ်တပ်ထိပ်ပိုင်းရာထူးများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကရင်လူမျိုး စစ်ဗိုလ်တဦးကို ဗိုလ်ချုပ်အဆင့်နှင့်အတူ နေပြည်တော်တိုင်းမှူးရာထူးအထိ အပ်နှင်းခဲ့သည်။
နေပြည်တော်စစ်တိုင်းမှူးရာထူးသည် စစ်ရုံးချုပ်နှင့် စစ်ခေါင်းဆောင်များ၏ လုံခြုံရေးကို အဓိကတာဝန်ယူရပြီး စစ်ခေါင်းဆောင်များ၏ အနီးကပ်တိုင်းမှူးလည်းဖြစ်၍ တော်ရုံဗိုလ်ချုပ်ကို ခန့်လေ့မရှိ၊ မင်းအောင်လှိုင် အထူးယုံကြည်ရသူကိုသာ တာဝန်ပေးလေ့ရှိသည်။
ထိပ်ပိုင်းစစ်ခေါင်းဆောင်များ တညီတညွတ်တည်း အထူးယုံကြည်ခဲ့ရသည့် ထိုကရင်လူမျိုး စစ်ဗိုလ်ချုပ် သည်ကား စစ်တိုင်းမှူးရာထူးနှစ်နေရာ ရယူခဲ့သူ ဗိုလ်ချုပ် စောသန်းလှိုင်ပင်ဖြစ်သည်။ ၎င်းအား စစ်ခေါင်းဆောင်များက မည်သည့်အတွက်ကြောင့် အထူးယုံကြည်ခဲ့ရသနည်း။
၁၉၇၄ ခုနှစ်ဖွား ဗိုလ်ချုပ် စောသန်းလှိုင်သည် ဘားအံမြို့ဇာတိဖြစ်ပြီး ဖခင်မှာ ကရင်၊ မိခင်မှာ ဗမာ ဖြစ်ကာ ၎င်းသည် ကရင်-ဗမာနွယ်ဖွား ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သည်။
ဖခင်ဖြစ်သူသည် ဘားအံမြို့နေ မဆလခေတ်(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ကရင်ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဌ(ဟောင်း) စောအောင်ပွင့် ဖြစ်ပြီး နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက် ကရင်ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်သူဖြစ်သည်။
ထို့အပြင် နအဖစစ်အစိုးရက ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌအဖြစ် လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံရေးရာထူးမှအနားယူလိုက်ပြီး လက်ရှိတွင် စစ်ကောင်စီက ပြုလုပ်သည့် ကရင်ပြည်နယ်အခမ်းအနားများတွင် မြို့မိ၊ မြို့ဖဆိုကာ တက်ရောက်နေသည်။
ဗိုလ်ချုပ် စောသန်းလှိုင် သည် ဘားအံမြို့မှာပင် အထက်တန်းအောင်မြင်ပြီးနောက် ၁၉၉၂ တွင် ဖွင့်လှစ်သည့် စစ်တက္ကသိုလ်အမှတ်စဉ် ၃၇ ကို တက်ရောက်ခဲ့သူဖြစ်ကာ ၎င်းစစ်ကောင်စီတပ်သို့ဝင်ရောက်ကာ စစ်တက္ကသိုလ်ဗိုလ်လောင်း လျှောက်ထားသည့်ကာလသည် ကရင်ပြည်နယ်အတွင်း KNLA တပ်ကို စစ်အစိုးရတပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေသည့် ကာလများပင် ဖြစ်သည်။
၁၉၉၆ ဧပြီလတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းခဲ့ပြီး ၎င်း၏စစ်တပ်အရာရှိဘဝကို တပ်မ ၁၁ လက်အောက်ခံ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့အခြေစိုက် ခလရ ၂၁၉ တွင် စတင်ခဲ့သည်။
စစ်တပ်အရာရှိငယ်ရာထူးများတွင် စစ်တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများတွင်သာ သင်တန်းနည်းပြအဖြစ် အချိန်ကုန်ခဲ့ပြီး စစ်ဆင်ရေးအတွေ့ကြုံနည်းပါးသည်။
ဒုတိယဗိုလ်မှူးကြီးအဆင့်ရရှိချိန် ၂၀၁၀ မှ ၂၀၁၃ အကြားကာလများတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းလက်အောက်ခံ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တွင် တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ကာ ယင်းကာလများ တွင်လည်း သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် KNLA တပ်များဖြင့် အပစ်ရပ်ထားသဖြင့် ၎င်းအနေဖြင့် အသက်ရှူချောင်ခဲ့သည်။
“ ခလရ ၂၇၅ ဆိုတာ အခုမှ စစ်တိုက်ရတာ။ ရတခတိုင်းတပ်ဆိုတော့ လခရ(လုံခြုံရေး)လောက်ပဲ။ အဲ့ဒီ ကာလက EAO တွေနဲ့လည်း ပိစ်(Peace) ဖြစ်နေတော့ တပ်ရင်းမှူးက မြဝတီမှာ သာသာယာယာ ပိုက်ဆံရှာရုံပဲ” ဟု မြန်မာစစ်တပ်အတွင်း နှစ် ၂၀ ခန့်တာဝန်ထမ်းဆောင်ခဲ့သူ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
၂၀၁၃ ဇွန်လတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့်ပင် နေပြည်တော်စစ်ရုံး၊ ရုံးအမှတ် ၁၀၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံး(လကခ) ပူးပေါင်းစစ်ဆင်ရေးဌာနကြီးတွင် စစ်ဦးမှူး(ပထမတန်း) G 1 အဖြစ် ရာထူးတိုးပြောင်းရွှေ့သွားခဲ့ရကာ ၂၀၁၇ အထိ စစ်ရုံးတွင် ၅ နှစ်ကြာမြင့်ခဲ့သည်။
နေပြည်တော် လေ့ကျင့်ရေးအရာရှိချုပ်ရုံး G 1 အဖြစ်လပိုင်းသာကြာခဲ့ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုံးထိုင်ရာ စစ်ရုံးအမှတ် ၁၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စီမံဌာန (ကြည်းစီမံ)သို့ စစ်ဦးစီးမှူး(ပထမတန်း) G 1 အဖြစ်ပြောင်းရွှေ့ရကာ စစ်ခေါင်းဆောင်များ၏အနီးတွင် ၎င်းကို ခေါ်ယူထားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနီးကပ် ကက(ကြည်း)စစ်ရုံးမှာပင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဦးစီး (ဗိုလ်မှူးကြီး) ရာထူးရရှိခဲ့ကာ စစ်ရုံးတွင် ၅ နှစ်ကြာပြီးနောက် ၂၀၁၇ တွင် စကခမှူး ၁၂ စကခမှူးအဖြစ် ခန့်အပ်ခံရပြီး နေပြည်တော်မှ ထွက်ခွာခဲ့ရသည်။
“ မအလ ဘေးမှာ G 1၊ စစ်ဦးစီး(ဗိုလ်မှူးကြီး) ရာထူးတွေနဲ့ ၅ နှစ်လောက်ထားတယ်ဆိုတာ ဘက်ဂရောင်း (နောက်ကြောင်း) ကောင်း၊ စိတ်ချယုံကြည်လို့ ထားတာပေါ့။ နောက်ကြောင်းကောင်းတယ်ဆိုတာ သူတို့ စစ်ခေါင်းဆောင်တွေအတွက် ကောင်းတာပေါ့။ တော်တော်များများ တပ်မမှူး၊ တိုင်းမှူးတွေကလည်း ကကကြည်း ဌာန ၄ ခုမှာ အဲ့ဒီလို ရာထူးတွေ ရခဲ့တဲ့သူတွေများတယ်“ လို့ ဗိုလ်ကြီး ဇင်ယော် က ရှင်းပြသည်။
စစ်ရုံးမှ ထွက်ခွာလာပြီးနောက် ဗိုလ်မှူးချုပ်အဆင့်ရရှိကာ ၎င်းမွေးဖွားရာ ကရင်ပြည်နယ်ရှိ တပ်မတခုဖြစ်သည့် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၂ )တွင် စစ်ဆင်ရေးကွပ်ကဲရေးမှူး(တပ်မမှူး)အဖြစ် ခန့်အပ်ခံခဲ့ရသည်မှာ စစ်အာဏာမသိမ်းမီအထိ ဖြစ်သည်။
စစ်အာဏာသိမ်းရန် ကြံစည်ထားပြီးဖြစ်သည့် စစ်ခေါင်းဆောင်များသည် ၎င်းတို့အထူးယုံကြည်ရသူများကို ရွေးချယ်၍ တိုင်းမှူးနေရာများအစားထိုးခဲ့ပြီး အာဏာသိမ်းရန် လပိုင်းအလို ၂၀၂၀ နှစ်လယ်ပိုင်းတွင် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ် စောသန်းလှိုင်ကို ရာထူးတိုးဖြင့် ခန့်အပ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လကုန်ပိုင်းတွင် ဗိုလ်ချုပ် စောသန်းလှိုင် လက်အောက် ကမ်းရိုးတန်းဒေသတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တနင်္သာရီတိုင်းလုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း အပါအဝင် တနင်္သာရီတိုင်း အတွင်းက စစ်အရာရှိကြီးတချို့ အဂတိလိုက်စားသည်ဟုဆိုကာ နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခေါ် ယူစစ်ဆေးခဲ့သည်။
ထို့နောက် သြဂုတ်လလယ်ပိုင်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကမ်းရိုးတန်းဒုတိုင်းမှူး၊ တနင်္သာရီလုံနယ်ဝန်ကြီးနေရာတွေအပါအဝင် စစ်ဘက်ရာထူးနေရာအများအပြားအား လူစားထိုးပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့သည်။
ယင်းကဲ့သို့ ဒုတိုင်းမှူးအဆင့်အထိ စစ်ဆေးခံရသည့်ဖြစ်စဉ်များဖြစ်ပွားပြီးနောက် လပိုင်းအတွင်းမှာပင် ကမ်းရိုးတန်းတိုင်းမှူးနေရာအား အပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး ဗိုလ်ချုပ် စောသန်းလှိုင်ကို စစ်ခေါင်းဆောင် များမှ နေပြည်တော်တိုင်းမှူးအဖြစ် ၎င်းတို့နှင့် အနီးကပ်နေရာကို ပြောင်းရွှေ့ခေါ်ယူလိုက်သည်။
ယခင်နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း ကို ပုသိမ် နတခ(အနောက်တောင်တိုင်းစစ်ဌာနချုပ်) တိုင်းမှူးအဖြစ် ရွှေ့ပြောင်းလိုက်ပြီး ၎င်း၏ ကမ်းရိုးတန်းတိုင်းမှူးနေရာအား လက်ရှိ ရခိုင်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ရှုံးစစ်ကောင်စီအနေဖြင့် စစ်တိုင်းမှူးဗိုလ်ချုပ်များကို ဖမ်းဆီးအရေးယူခြင်း၊ အနားပေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်တိုင်းမှူးနေရာအများအပြားအား အရွှေ့အပြောင်း လုပ်ဆောင်ခဲ့ရသော်လည်း စစ်ခေါင်းဆောင်တွေယုံကြည်ရသည့် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် မပါဝင်ခဲ့ပေ။
သို့သော် နေပြည်တော်တိုင်းမှူးအဖြစ် ၁ နှစ်နီးပါးကြာခဲ့ပြီးနောက် ပြီးခဲ့သည့် မေလကုန်ပိုင်းက ပြုလုပ်သည့် စစ်ဘက်ရာထူးအပြောင်းအလဲများတွင် သက်တမ်းရှည်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် ရာထူးမှဖယ်ရှားခံရကာ အရံအင်အားကို ပို့ဆောင်ခံလိုက်ရသည်။
နေပြည်တော်အနီးအထိ ခံစစ်ပြင်ဆင်နေရချိန်တွင် ဗိုလ်ချုပ် စောသန်းလှိုင် ကို အနားပေးလိုက်ပြီး နေပြည်တော် တိုင်းမှူးနေရာအား လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။
အရံအင်အားဆိုသည်မှာ စစ်ကောင်စီတပ်မှအငြိမ်းစားပေးလိုက်တာမျိုးမဟုတ်သလို စစ်ဘက်ရာထူး တာဝန်လည်း လက်ဝယ်မရှိတော့ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မျက်စိအောက်တွင် စစ်ယူနီဖောင်းဝတ်ဖြင့်ပင် စောင့်ကြည့်ခံနေရသည့်ပုံစံဖြစ်ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် အရံအင်အားကိုရောက်ရှိသွားသူ တပ်မမှူး၊ တိုင်းမှူး စစ်ဗိုလ်ချုပ်အများအပြားရှိနေပြီး အရံအင်အားကိုပို့ခံရပြီးနောက် လုံးဝသတင်းအစအနပျောက်ဆုံးနေသူ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအနက် ယခင်ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ်တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် က ထင်ရှားသည်။
“ အရံအင်အားဆိုတာ စစ်ဗိုလ်ချုပ်တွေရဲ့ သင်္ချိုင်းပဲပေါ့။ ဘာလုပ်ပိုင်ခွင့်မှမပေး၊ ဘာရာထူးမှ မရှိတော့ဘဲ ဒီတိုင်းထားထားတာ။ နေပြည်တော်အကျယ်ချုုပ်လို့ ပြောရမှာပေါ့ “ ဟု ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီပြန်လည်ရရှိရေး ပြည်သူတရပ်လုံးက ငြိမ်းချမ်းစွာဆန္ဒပြမှုကို ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုအပါအဝင် နေ့စဉ်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများတွင် စစ်ခေါင်းဆောင်များပြီးလျှင် နယ်မြေအလိုက် စစ်တိုင်းမှူးများသည် အလုံးစုံတာဝန်ရှိသူများ ဖြစ်သည်။
စစ်အာဏာသိမ်းချိန်တွင် တိုင်းမှူးရာထူးရရှိခဲ့သည့် စစ်တိုင်း ၁၄ ခု၏ တိုင်းမှူး ၁၄ ဦး အနက် ဗိုလ်ချုပ် စောသန်းလှိုင်သည်လည်း အဆိုပါပစ်ခတ်သတ်ဖြတ်မှုများအပေါ် တာဝန်ယူ၊ တာဝန်ခံရမည့် စစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်သည်။
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်ပုံလွှာ #တိုင်းမှူး #နေပြည်တော် #ဗိုလ်ချုပ်စောသန်းလှိုင်
Share Share Share