မအူဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

မအူဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ဂိတ်ပေါက် (မအူဂိတ်) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက် သေဆုံးသူတွေရှိတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ဩဂုတ် ၁၁ ရက် မနေ့က မနက် ၉ နာရီခွဲလောက်မှာ မအူဂိတ်ရဲ့ အနောက်ဘက် မုံရွာ - အမြင့်လမ်းပိုင်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့လို့ လမ်းသွားလမ်းလာ ပြည်သူ ၂ ဦး ပွဲချင်းပြီး ထိမှန်သေဆုံးပြီး ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ် ။

" သူတို့က လမ်းသွားရင်း ထိတာ။ ၁ ယောက်ကတော့ ခါးပါပြတ်သွားတာ။ လက်နက်ကြီးက သူတို့  ၂ ယောက်နားကိုကျတာ။ တော်တော်များများကို ထိသွားတာ။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေကတော့ ဆေးကုသမှုခံယူနေကြရတယ်။ စိုးရိမ်ရတဲ့အနေအထားတော့ မရှိကြဘူး" လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ် ။

လက်နက်ကြီးမှန်ပြီး သေဆုံးသွားတဲ့သူ ၂ ဦးက အသက် ၆၇ အရွယ် ဒေါ်စောဌေးနဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်တူးတို့ဖြစ်ပြီး သူတို့ ၂ ဦးဟာ ဆွေမျိုးတော်စပ်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ မုံရွာ - အမြင့်လမ်းဘေးမှာရှိတဲ့ ကျေးရွာကပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်တာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကလည်း မအူဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ထနောင်းတောမြောက်ရွာက အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ် ။ 

အခုလို မအူဂိတ်ကနေ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၃ နဲ့ ၂၀၂၄ အတွင်း ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့လည်း မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ရေးသားထားပါတယ် ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #မအူဂိတ် #လက်နက်ကြီး #အမျိုးသမီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10