မအူဂိတ်ကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ

မအူဂိတ်ကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အဝင်ဂိတ်ပေါက် (မအူဂိတ်) ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်လို့ မုံရွာ − အမြင့်လမ်းပိုင်းမှာရှိတဲ့ ထနောင်းတောတောင်ရွာက စျေးတန်းအလယ်ကို ကျရောက်သွားတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၃ ရက် မနက် ၁၀ နာရီဝန်းလောက်မှာ မအူဂိတ်ကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဲဒီနေရာနဲ့ ၃ မိုင်ဝန်းကျင်လောက်ဝေးတဲ့ ထနောင်းတောတောင်ရွာ ဈေးတန်းအလယ်ကို ကျရောက်ပေါက်ကွဲ သွားတဲ့အတွက် ဒေသခံ ၁၁ ဦးသေဆုံးပြီး ၂၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“၉ ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ကျန် ၂ ယောက်ကတော့ ဆေးရုံရောက်မှဆုံးတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ လောလောဆယ်ဆေးကုသမှုခံယူနေရတယ်။ ကျနော့်ကားနဲ့  ၄ ယောက်ခေါ်သွားတာ ၂ ယောက်က ပြန်ခေါ်လာခဲ့ရတယ်။ ဒီမနက်အဖြစ်အပျက်ဟာ တကယ့်ငရဲခန်းထဲ ရောက်နေသလိုပဲ။” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာဟာ တဲလေးတွေဖွင့်ပြီး ကုန်စိမ်း(ဟင်းသီးဟင်းရွက်)တွေ ရောင်းတဲ့ စျေးတန်းဖြစ်သလို စျေးသည်တွေ၊ စျေးဝယ်သူတွေနဲ့ လမ်းသွားလမ်းလာပြည်သူတွေ အများအပြား သွားလာလှုပ်ရှားတဲ့နေရာတခုလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၈ ဦးဖြစ်ပြီး သူတို့ကို မနေ့က နေ့လယ်လောက်မှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁၆ ဦးတို့ဖြစ်ပြီး အဲဒီထဲမှာ  ၁၀ နှစ် အရွယ် ကလေး ၁ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ  မအူဂိတ်ကနေ နေ့လယ် ၁၂ နာရီလောက်မှာ လယ်တောကျေးရွာဘက်ကို လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွား ၁ ကောင်သေဆုံးသွားခဲ့ပါသေးတယ်။

သြဂုတ် ၁၁ ရက်ကလည်း မအူဂိတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မုံရွာ - အမြင့်လမ်းပိုင်းက ကျေးရွာတွေထဲကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦးပွဲချင်းပြီး ထိမှန်သေဆုံး၊ ၇ ဦး ထိမှန်ဒဏ်ရာရ ရှိခဲ့ပါသေးတယ်။

အခုလို မအူဂိတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၂၀၂၃ နဲ့ ၂၀၂၄ အတွင်း ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ထိရှိနေပြီဖြစ်တယ်လို့မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ရေးသားထားပါသေးတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #မအူဂိတ် #စစ်ကောင်စီ #လက်နက်ကြီး #အမြင့် #ထနောင်းတောတောင်ရွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10