မိန်းကလေးဖြစ်နေလို့ ရိုက်ခံရဖူးတယ် (အက်ဆေး)

မိန်းကလေးဖြစ်နေလို့ ရိုက်ခံရဖူးတယ် (အက်ဆေး)

မိန်းကလေးဖြစ်နေလို့ ရိုက်ခံရဖူးတယ်။ ဒီစကားကို ကြားရရင် ရုတ်တရက် ထူးဆန်းချင်ထူးဆန်းနေပါလိမ့်မယ်။

ဒါပေမယ့် “ငါရော မိန်းကလေးဖြစ်နေလို့ ရိုက်ခံရဖူးလား” ဆိုတဲ့ မေးခွန်းလေးကို သေချာပြန်မေးကြည့်ပါ။ 

ကျမအတွက်ကတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တဲ့အခါ “ဟုတ်ကဲ့၊ ရိုက်ခံရဖူးတယ်” ဆိုတဲ့ အဖြေကို ရပါတယ်။ 

ကျမ ဆယ်ကျော်သက်အရွယ်တုန်းက ခြံကြီးတခုထဲက ခြေတံရှည်အိမ်ကြီးတလုံးရဲ့နောက်က အိမ်ကလေး တလုံးမှာ မိသားစုတွေ အိမ်ငှားနေခဲ့ကြဖူးပါတယ်။

 အိမ်ပိုင်ရှင် အဘိုးနဲ့အဘွားက အိမ်ရှေ့အိမ်ကြီးရဲ့ အပေါ်ထပ်မှာ နေထိုင်ကြတယ်။ ကျမတို့ငှားနေတဲ့ အိမ်လေးကို သွားမယ်ဆိုရင် အဲ့ဒီအိမ်ကြီးရဲ့အောက်ကနေ ဖြတ်သွားရတယ်။ ကျမတို့မိသားစုလည်း ဖြတ်သွားဖြတ်လာလုပ်ကြသလို၊ နောက်ဖက်ခြံက လူရင်းတွေကလည်း အိမ်ကြီးအောက်ထပ်ကနေ ဝင်ထွက်သွားလာလေ့ရှိကြတယ်။ ဘေးခြံစည်းရိုး ၂ ဖက်နဲ့ အတိဆောက်ထားတဲ့ အိမ်ကြီး ဖြစ်လို့ ကျမတို့ အိမ်ကိုဖြတ်သွားတဲ့အခါ ဒီလမ်းကိုပဲ မဖြစ်မနေ အသုံးပြုရပါတယ်။

မြင်သာအောင်ပြောရရင် အိမ်ကြီးရဲ့အောက်ထပ်က ခြေရင်းဘက်ခြမ်းနဲ့ နောက်ဘက်ခြမ်းက နံရံ မရှိဘူး။ ရှေ့ဘက်မျက်နှာစာကတော့ အုတ်တိုင်ကြီးတွေနဲ့ ဝင်ပေါက်ကြီး ၃ ခုရှိတယ်။ ဝင်ပေါက်တွေက တံခါးတွေ မရှိကြဘူး။ ပုံမှန်အားဖြင့် ခြေရင်းအကျဆုံး ဝင်ပေါက်ကနေ တံခါးမရှိ၊ ဝင်ထွက်ပြီး ဖြတ်သွားဖြတ်လာ လုပ်ကြတယ်။

အိမ်ကြီးအောက်ထပ်က ခေါင်းရင်းဘက်အခြမ်းမှာကတော့ အုတ်နံရံစီထားပြီး အောက်ထပ်မှာ အိမ်ခန်း တခန်းဖွဲ့ထားပါတယ်။ အဲ့ဒီအိမ်ခန်းလေးမှာ ပန်းပုဆရာမိသားစုတစုက ငှားနေကြတယ်။

ပန်းပုဆရာရယ်၊ သူ့ဇနီးရယ်၊ သူ့သမီးလေးရယ်၊ ညဘက်ဆိုရင် သူတို့မိသားစုက အဲဒီအိပ်ခန်းလေးထဲမှာ အိပ်ကြတယ်။ နေ့ခင်းဆိုရင် ပန်းပုဆရာဦးလေးက ခေါင်းရင်းဘက်ဝင်ပေါက်နားမှာ သူ့အလုပ်ကို လုပ်တယ်။ အလယ်ဝင်ပေါက်မှာတော့ သူထုမယ့် သစ်သားကုန်ကြမ်းတွေ စီထားလေ့ရှိတယ်။ တခါတရံမှာ ထုလက်စ အကြမ်းထည်တွေ တွေ့ရတတ်တယ်။ အလယ်ဝင်ပေါက်ကနေ ဝင်ထွက်သွားလာလို့ မရအောင် ကာရံထားသလို ဖြစ်နေတယ်။ 

သစ်သားပန်းပုရုပ်တုမျိုးစုံကို သူထုဆစ်ပါတယ်။ ဟိုတယ်လုပ်ငန်းတွေက အော်ဒါအပ်တဲ့အခါ ပန်းဥယျာဉ်ထဲမှာ အလှထားတဲ့ ကျားပုံ၊ ခြင်္သေ့ပုံ ထိုင်ခုံလိုမျိုးတွေ၊ တံခါးလက်ကိုင်လိုနေရာမှာ လက်ကိုင်အစား ဆင်နှာမောင်းလို ပန်းပုရုပ်တုလေးတွေကို ထုဆစ်တယ်။

ဘုရားဂေါပကတွေ၊ ဘုန်းကြီးကျောင်းတွေက အော်ဒါအပ်တဲ့အခါ ဘုရားဆင်းတုတော်၊ နတ်ရုပ်၊ သကြားမင်းရုပ်၊ ရဟန္တာရုပ်၊ သစ်ပင်ပန်းဆွဲ စသဖြင့် သာသနိကအဆောက်အအုံတွေရဲ့ အဆောင်အယောင်တွေကို ထုလုပ်ရတယ်။

ပန်းအိုးရွက်ထားတဲ့ အမျိုးသမီးလေးတွေရဲ့ပုံ၊ ထိုးကွင်းမင်ကြောင်နဲ့ ယောက်ျားကြီးတွေရဲ့ပုံ၊ တောတွင်းသတ္တဝါတွေရဲ့ပုံ စသဖြင့် သူ့ကို အလုပ်အပ်ကြတဲ့ အော်ဒါတွေပေါ်မူတည်ပြီး သူဟာ တကုပ်ကုပ်နဲ့ သူ့အလုပ်တွေကို လုပ်နေလေ့ရှိပါတယ်။ 

အိမ်ကြီးရဲ့ အောက်ထပ် ဝင်ပေါက် ၃ ခုမှာ ခေါင်းရင်းဘက်အကျဆုံးတံခါးပေါက်ဝမှာ  သူအလုပ် လုပ်တယ်။ သူရဲ့ အဓိကလက်နက်ကိရိယာတွေဖြစ်တဲ့ တူ၊ ဆောက်၊ လွှအပါအဝင် အမျိုးအမည် မခေါ်တတ်တဲ့ ပစ္စည်းကိရိယာ အကြီးအသေးတွေရယ်၊ သစ်တိုသစ်စ အပုံတွေပေါ်မှာ တခုမဟုတ် တခု ထုလုပ်နေလေ့ရှိတာကို ကျမတို့ ဝင်ထွက်သွားလာတိုင်းမှာ တွေ့ရတတ်ပါတယ်။ 

တနေ့မှာတော့ ပန်းပုဆရာဦးလေးဟာ အလုပ်လုပ်လေ့ရှိတဲ့ ခေါင်းရင်းဘက် တံခါးပေါက်မှာ မဟုတ်ဘဲ၊ ကျမတို့ ဝင်ထွက်သွားလာလေ့ရှိတဲ့ ဝင်ပေါက်မှာ သူ့ဧည့်သည်တယောက်နဲ့ မတ်တပ်ရပ်ရင်း စကားပြောနေကြတယ်။ 

ကျောင်းကပြန်လာတဲ့ကျမဟာ စကားလက်ဆုံကျနေတဲ့ လူကြီးတွေကြားကနေ ဖြတ်လျှောက်ရမယ့် ဝင်ပေါက် ကို ရှောင်လိုက်တယ်။ အလယ်ဝင်ပေါက်ကတော့ သစ်တုံးတွေနဲ့ ပန်းပုရုပ်အကြမ်းတွေနဲ့ ပိတ်နေလို့ ဖြတ် လျှောက်လို့မရဘူး။ ဒီတော့ ပန်းပုဆရာဦးလေး အလုပ် လုပ်လေ့ရှိတဲ့ ဝင်ပေါက်နေ၊ သူအလုပ်လုပ်လက်စတွေနဲ့ မထိမိ မခိုက်မိအောင် သတိထားဖြတ်ဝင်ပြီး ကျမတို့အိမ်ကို ပြန်လာခဲ့တယ်။  

“ဘာလို့ အဲ့က ဖြတ်သွားတာလဲ” ဆိုပြီး အဲ့ဦးလေးက ဒေါသသံနဲ့ ကျမကို လှမ်းအော်ပြောတယ်။ ဘာကြောင့်မှန်း ကျမ မသိလိုက်ဘူး။ 

ကျောင်းကနေပြန်ရောက်ပြီး ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီး ခဏနားနေတုန်း ကျမမိဘတွေလည်း အပြင်ကနေ ပြန်ရောက်လာတယ်။ အဲ့ဒီအချိန်မှာ ကျမ အဖေ ပြန်ရောက်တာကို မြင်လိုက်တဲ့ ပန်းပုဆရာဦးလေးဟာ အိမ်ကိုရောက်လာပြီး ကျမအဖေကို တိုင်ပါတော့တယ်။ 

တိုင်ရတဲ့အကြောင်းကတော့ သူအလုပ်လုပ်တဲ့ ပစ္စည်းကိရိယာတွေပေါ်ကနေ ကျမက ကျော်ခွသွားတဲ့ အတွက်ပါ။ ကျမအဖေကို ‌ဒေါနဲ့မောနဲ့ တိုင်နေတဲ့အထဲမှာ ကျမ တသက်လုံးမမေ့နိုင်တဲ့ စကားစု တချို့ကတော့ “မိန်းမဖြစ်ပြီး အဲ့လိုလုပ်တယ်။ အလုပ်လုပ်နေတဲ့နေရာကို မိန်းမတယောက် ကျော်ခွသွားတာဟာ အလုပ်ကို လာဘ်တိတ်စေတယ်။ ဘုန်းကံနိမ့်စေတယ်။ သူ့စီးပွားရေးနဲ့ အသက်မွေးပညာကို စော်ကားတာ အဲ့လိုဖြစ်အောင် တမင်လုပ်သွားတာ။” ဆိုတဲ့ စကားစုတွေပါပဲ။

ကျမအဖေကလည်း သူ့သမီးကို သူဆုံးမပါ့မယ် ဆိုပြီးကတိတွေပေး၊ နောက်မဖြစ်စေရပါဘူး တောင်းပန် တယ်။ အဲ့အချိန်အတောအတွင်းဟာ ကျမဘဝမှာ ပါးစပ်အဟောင်းသားနဲ့ အအံ့သြရဆုံး၊ အသားဆတ်ဆတ် တုန်အောင် ‌ဒေါသထွက်ခဲ့ရဆုံး အခိုက်အတန့်လို့ ဆိုရမှာပါ။ 

သူပြောတဲ့ စကားလုံးတွေဟာ ကျမအတွက်ထူးဆန်းသလို၊ ပြင်းထန်နေတယ်။ အတင်းစွပ်စွဲနေတာတွေချည်းပဲ ဖြစ်နေတယ်။ သူဘာလို့အဲ့လိုတွေပြောနေတာလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရတယ်။ 

ကျမအဖေကို တိုင်နေတဲ့ အဲ့ဦးလေးရှေ့ကို ပြေးဝင်ပြီး ထိပ်ဆုံး ဝင်ပေါက်ကနေ ဘာကြောင့် ဝင်ခဲ့ရတဲ့ အကြောင်း၊ သူ့ပစ္စည်းကိရိယာတွေကို မထိခိုက်အောင် ဘယ်လို သတိထားရှောင်ပြီး ဖြတ်ခဲ့တဲ့အကြောင်း၊ လူကြီးတွေ စကားပြောနေတာကို အနှောက်အယှက် မဖြစ်စေချင်တဲ့ ကျမတဲ့စေတနာ အဲဒါတွေကို ပလုံးပထွေးနဲ့ ငိုပြီးပြောလိုက်တယ်။ 

သူက ကျမကို ပြောခွင့်မပေးပါဘူး။ ကျမအဖေကို ရေပက်မဝင် တိုင်နေတယ်။ “မိန်းကလေးဖြစ်ပြီး၊ မိန်းမ ဖြစ်ပြီး” ဆိုတဲ့ စကားလုံးတွေက ထပ်တလဲလဲပဲ။

အဲ့အချိန်မှာ ကျမအဖေဟာ လူကြီးကို ပြန်ပြောရမလားဆိုပြီး ကျမကို ဒေါသပုန်ထနေပါပြီ။ ပတ်ဝန်းကျင်နဲ့ ပြဿနာမဖြစ်အောင်နေထိုင်တတ်၊ ပတ်ဝန်းကျင်ကိုအားနာတတ်၊ ဒေါသကြီးတတ်တဲ့ ကျမအဖေဟာ “နင်ဘာမှမပြောနဲ့” ဆိုတဲ့အသံအကျယ်ကြီးနဲ့အတူ ကျမကို ကျောပြင်ကို ဗြောတင်ပါတော့တယ်။

ကျမဒီလောက်ရှင်းပြနေတာကို ကျမအဖေ နားမထောင်ပါဘူး။ သူ့စိတ်ထဲမှာ သူများကို အားနာတာ၊ သူများဆီမှာ အတိုင်အတောခံရလို့ ရှက်တာ၊ ကိုယ့်သားသမီးကို သူများက ဒီလိုလာပြောတာကို မခံမရပ်နိုင်ဖြစ်တာတွေ စုပေါင်းပြီး ရရာဝါးခြမ်းပြားနဲ့ ကျမကို တွယ်ပါတော့တယ်။ 

“လူကြီးဖြစ်ပြီး လူကြီးလို သမာသမတ်မစဉ်းစားတတ်ဘူးလား။ တနေ့ငါ့အကြောင်း ကောင်းကောင်းသိမယ်၊ မကျေနပ်ဘူး။” ဆိုပြီး ပန်းပုဆရာဦးလေးကို ကျမအသံကုန်ဟစ်ပြီး အော်လေလေ ကျမအဖေက ကျမကို ရိုက်လေလေပါ။ ကျမအမေ ဝင်ဆွဲလည်း မရပါဘူး။ 

ကိုယ် မမှားကြောင်း ခွန့်တုန့်ခံပြောနေတဲ့ကျမကို ကျမအဖေက ဒေါနဲ့မောနဲ့ရိုက်ပါတယ်။ တုတ်ကိုလှမ်းဆွဲတော့ ဝါးခြမ်းပြားက နှီးစက ကျမလက်ကိုရှပါတယ်။ ကျမဖမ်းမဆွဲအောင် လွတ်ရာကိုရိုက်တဲ့ ကျမအဖေရဲ့ တုတ်တချက်က နားရွက်ကိုမတော်တဆထိမိပြီး သွေးထွက်ပါတယ်။

 ပန်းပုဆရာဦးလေးဟာ ကျမတို့အသံတွေ၊ ကျမရိုက်ခံနေရတာတွေကို အတိုင်းသားကြားနေရ၊ မြင်နေရပါတယ်။ သူ့စိတ်ထဲမှာ ဝမ်းသာနေမယ်လို့ ကျမထင်ပါတယ်။ သူစိမ်းကို အားနာစိတ်နဲ့ ကိုယ့်သားသမီးကို ရိုက်နေတဲ့ ကျမအဖေကို ဘာမှတုံ့ပြန်လို့ မရတဲ့အခါ ကျမ ညမှောင်မှောင်မှာ အိမ်ကနေအဝေးကြီးကို ထွက်သွား လိုက်တယ်။ ဘေးချင်းကပ်ရပ်ကွက်က သင်္ချိုင်းကိုသွားတဲ့ လမ်းဝအထိရောက်သွားပြီး လမ်းဆုံလမ်းခွမှာ ကျမ အော်ငိုနေမိတယ်။ 

ကျမအဖေကတော့ ကျမကို မိန်းကလေးဖြစ်နေလို့ ရိုက်တာမဟုတ်ဘူးဆိုတာတော့ သေချာသိသလို၊ တဖက်ခြမ်းမှာ တစိမ့်စိမ့်တွေးပြီး တရေးရေးထပ်ပေါ်လာတာက “ကျမ မိန်းကလေးဖြစ်နေလို့ ရိုက်ခံရတာ”ဆိုတဲ့အတွေးပါပဲ။

ဒါတွေဟာ ကျမဘဝမှာ မမေ့နိုင်တဲ့ အနာတရတွေအနေနဲ့ ကျမနှလုံးသားထဲကို စူးစူးနစ်နစ်ဝင်ခဲ့တဲ့ အခိုက်အတန့် တွေပါပဲ။ “မိန်းကလေးဖြစ်ပြီး” ဆိုတဲ့စကားလုံးနဲ့အစချီပြီး ကျမကြောင့် ဘုန်းနိမ့်ရပါတယ်ဆိုတဲ့ စကားတွေ တွင်တွင်ပြောခဲ့တဲ့ ပန်းပုဆရာဦးလေးနဲ့ ကျမကို ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံ တုံ့ပြန်ခဲ့တဲ့ အဖေဟာ ကျမဘဝမှာ ဘယ်တော့မှ ဆွဲနှုတ်လို့မရမယ့် ဆူးတွေပါပဲ။

#မြေလတ်အသံ

#အက်ဆေး #ကျားမ #တန်းတူညီမျှ #ခွဲခြားဆက်ဆံ #မိန်းကလေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10