မိုခါမုန်တိုင်းကြောင့် မြောင်မြို့နယ်မှာ သီးနှံခင်းတွေပျက်စီး

မိုခါမုန်တိုင်းကြောင့် မြောင်မြို့နယ်မှာ သီးနှံခင်းတွေပျက်စီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိကျေးရွာတွေမှာ မိုခါဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်ပြီး မေလ ၁၂ ရက် ညကတည်းက မိုးရွာတာများတဲ့အတွက် သီးနှံစိုက်ခင်းတွေရေမြုပ်လို့ ပျက်စီးဆုံးရှုံးနိုင်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM)ဆီက သိရပါတယ်။

မြောင်မြို့ကျေးရွာတွေမှာ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း သီးနှံတွေ စိုက်ပျိုးထားရာ ရိတ်သိမ်းချိန်တွင် မုန်တိုင်းဝင်မည်ဆိုတာကြောင့် CDSOMအဖွဲ့အနေနဲ့ ဝိုင်းကူညီလုပ်ကိုင်ပေးခဲ့တယ်လို့ အဖွဲ့တာဝန်ခံ ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။

"ပဲတီ၊ နှမ်း၊ မတ်ပဲ တွေအများဆုံးပါ။ ရလိုရငြားရိတ်သိမ်းပေးခဲ့တယ်။ တချို့တောင်သူတွေဆို ငိုနေကြတာ။ မိုးလုံတဲ့နေရာတွေမှာ ဖြန့်ထားခဲ့ကြတယ်။ မိုးကလည်းရွာတော့ မြန်မြန်ကူပြီး မှောင်တော့ပြန်လာခဲ့ကြတယ်။ မိုးဆက်ရွာရင် ပိုဆုံးရှုံးနိုင်တယ်" လို့ သူက ပြောပါတယ်။

အခုလို မိုခါမုန်တိုင်းကြောင့် တောင်သူတွေသီးနှံရိတ်သိမ်းတဲ့အချိန်မှာ ပျက်စီးဆုံးရှုံးတာနည်းအောင် အဖွဲ့သား ၄၀ ကျော်နဲ့ ရိတ်သိမ်းရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အသီးအနှံတွေရဖို့ မသေချာပေမယ့် အပင်နဲ့အရွက်တွေကို ကျွဲ၊ နွားစားလို့ရနိုင်သလို မိုးဆက်ရွာနေရင် စိုက်ခင်းတွေ ရေမြုပ်ပြီး အခုထက်ပိုပြီးဆုံးရှုံးတာများနိုင်တယ်လို့ ဆက်ပြောပါတယ်။

အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါအနေနဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတွေမှာ တနာရီကို လေတိုက်နှုန်း ၆၀-၇၀ မိုင်နှုန်းနဲ့တိုက်ခတ်လာနိုင်ပြီး၊ မိုးရွာတာ၊ ရေကြီးတာ၊ ကမ်းပြိုတာ အိမ်တွေပျက်စီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးဇလဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#သီးနှံခင်း #မြောင် #မိုခါဆိုင်ကလုံးမုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10