မိုခါမုန်တိုင်းကြောင့် သီးနှံတွေဆုံးရှုံးသွားတဲ့ တောင်သူတွေကို ငွေထောက်ပံ့

မိုခါမုန်တိုင်းကြောင့် သီးနှံတွေဆုံးရှုံးသွားတဲ့ တောင်သူတွေကို ငွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတချို့မှာ မိုခါမုန်တိုင်းကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးသွားတဲ့ တောင်သူတွေကို မြောင်လူငယ်ကွန်ရက် YFC အဖွဲ့က ကူညီထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ ပူးပေါင်းကူညီပေးခဲ့တဲ့ Myaung PDF CDSOM အဖွဲ့တာဝန်ခံဆီက သိရပါတယ်။

 

ဇူလိုင် ၃ ရက်နဲ့ ၄ ရက်တွေမှာ တောင်သူအိမ်ထောင်စုတစုအတွက် ငွေကျပ်၂၃၀၀၀ ကျပ်ကို  အိမ်ထောင်စု ၁၇၈ စုအတွက် စုစုပေါင်း သိန်း ၄၀ကျော် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

 

“အခုလိုလှူဒါန်းတာကလည်း ကျနော်တို့တွေ အပြန်အလှန်ကူညီကြတဲ့သဘောပါ။ ကျနော်တို့လိုအပ်တဲ့ စားသောက်ရိက္ခာတွေလည်း တောင်သူတွေဆီကပဲ ရသလို သူတို့အတွက်လိုအပ်သွားတဲ့ အခါကျရင်လည်း ကျနော်တို့ဘက်က ဝိုင်းပြီးကူညီရမဲ့ တာဝန်လည်းရှိတယ်။ ” လို့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

 

 

လက်ရှိထောက်ပံ့ငွေဟာ မိသားစုစားဝတ်နေရေးအတွက်ဖြစ်ပြီး ရှေ့ဆက်ပြီး မျိုးစေ့တွေချပေးဖို့နဲ့ သီးနှံတွေပြန်စိုက်ပျိုးနိုင်ဖို့ အတွက်လည်း ကူညီသွားမယ်လို့ မြောင်လူငယ်ကွန်ရက် YFCအဖွဲ့ဝင် မအမရာမှူးက ပြောပါတယ်။

 

အခုလို မိုခါမုန်တိုင်းကြောင့် ကောက်ပဲသီးနှံဆုံးရှုံးသွားတဲ့တောင်သူတွေကို လှူဒါန်းတာ ပထမ အကြိမ်ဖြစ်ကြောင်းနဲ့ ဆက်လက်ကျန်ရှိနေသေးတဲ့ မြောင်မြို့နယ်ထဲက တောင်သူတွေကိုလည်း လှူဒါန်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင် #မိုခါ #စိုက်ပျိုးရေး #တောင်သူလယ်သမား #YFC #MyaungPDFCDSOM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10