မိုင်းဆွဲခံရတဲ့စစ်အုပ်စုက ပင်းဇင်းရွာကိုမီးရှို့လို့ နေအိမ် ၁၃ လုံးပျက်ဆီး

မိုင်းဆွဲခံရတဲ့စစ်အုပ်စုက ပင်းဇင်းရွာကိုမီးရှို့လို့ နေအိမ် ၁၃ လုံးပျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၆ ရက်ဒီနေ့မနက် ၉ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပင်းဇင်းကျေးရွာနဲ့ မကျီးတုံးကျေးရွာကြားမှာရှိတဲ့ နဒီမြန်မာ ဆန်စက်အနောက်ဘက်ကို ဒီမနက် ၈ နာရီလောက်မှာ စစ်ကြောင်းထိုးလာချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ရာ အဲ့ဒီနောက်မှ နေအိမ်တွေကို မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။ 

“မိုင်းဆွဲတိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က ၇ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ထိတွေ့ပစ်ခတ်မှုမှာတော့ ၃ ယောက်သေသွားတယ်။ သူတို့လဲ ကျသွားတာကို ကျနော်တို့ လှမ်းမြင်နေရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာတွေမရှိပါဘူး။ သူတို့က ပင်းဇင်းရွာထဲမှာလည်း အကြာကြီးမနေဘူး မီးရှို့ပြီတာနဲ့ ပြန်ထွက်တာပဲ။ ပင်းဇင်းရွာက အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ ၃ ကြိမ်ရှိပါပြီ” လို့ ဝက်လက် ပကဖ အင်အားစု တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ရွာကိုမီးရှို့ပြီး မနက် ၁၀ နာရီလောက်က ရွာကနေ ပြန်လည် ထွက်ခွာသွားချိန်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပင်းဇင်းရွာပြင်မှာ ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ လောက် ထပ်မံဖြစ်ပွားခဲ့ပြီးနောက် အဲဒီကနေတဆင့် လှတောကျေးရွာဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ ပင်းဇင်းကျေးရွာထဲကို ဒေသခံတချို့သာ ပြန်လည်ဝင်နေရောက်နေထိုင်ပြီး တချို့ကတော့ တောထဲမှာ ပုန်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ပင်းဇင်းကျေးရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်က လှတောကျေးရွာဘက်ကို ဆိုင်ကယ်မောင်းနှင်းလာတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို လှတောရွာသား ၁၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ပင်ဇင်း #စစ်ကောင်စီ #မီးရှို့ #ပကဖ #ထိတွေ့မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10