မိုင်းဆွဲသံကြားပြီး အရှိန်ပြင်းပြင်းနဲ့မောင်းနှင်သွားတဲ့ စစ်ကား မြောင်းထဲကျပြီး သေဆုံးမှုရှိ

မိုင်းဆွဲသံကြားပြီး အရှိန်ပြင်းပြင်းနဲ့မောင်းနှင်သွားတဲ့ စစ်ကား မြောင်းထဲကျပြီး သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကနေ နိုဝင်ဘာ ၆ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်လောက်မှာ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  မိုင်းဆွဲတိုက်ခိုက်ရာမှာ အရှိန်ပြင်းပြင်းနဲ့မောင်းနှင်သွားတဲ့ စစ်ကားတစီး မြောင်းထဲကျလို့ ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  Salingyi  Special Task Force - SSTF သတင်းထုတ်ပြန်ထားပါတယ်။

ပုလဲမြို့ပေါ်ကနေ လက်နက်ကြီးငယ်တွေပစ်ကာ ကျားတက်ရွာနယ်မြေရဲစခန်းဘက်ကို စစ်ကား ၇ စီး၊ အင်အား ၂၀၀ လောက်နဲ့  ဦးတည်မောင်းနင်လာတာကို ပုလဲမြို့အထွက် ၁ မိုင်ကွာလောက်ကနေ ဒုတိယနဲ့ တတိယမြောက် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

မိုင်းဆွဲသံကြားပြီး ရှေ့ပြေးကားဟာ အရှိန်ပြင်းပြင်းနဲ့မောင်းနှင် ထွက်ပြေးရာ မိုင်ဝက်လောက်အရောက် ရေတိုက်စားပြီးပျက်စီးနေတဲ့ လမ်းချိုင့်ခွက်မြောင်းထဲကျကာ ထိခိုက်ဒဏ်ရာရ သေဆုံးတာလို့ ဆိုပါတယ်။

“ကားက အနက် ၃ ပေလောက်ရှိတဲ့ ချိုင့်ခွက်ထဲ အရှိန်နဲ့ထိုးကျပြီး ခေါင်းခန်းထဲကသူတွေ ထိခိုက်သေဆုံးတာ“ လို့ Salingyi  Special Task Force - SSTF က မိုင်းဆွဲရာမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

မြောင်းထဲကျတဲ့ စစ်ကားအနီးကနေ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အနည်းငယ်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိပြီး ကားမှန်ကွဲစတွေ သွေးစတွေပါတဲ့ပတ်တီးစတွေ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။   

စစ်ယာဉ်တန်းဟာ ချိုင့်ထဲကျတဲ့ကားကို ပြန်လည်ဆယ်ယူပြီး နောက်ပြန်လှည့်ကာ အဲဒီနေ့ မနက်အစောပိုင်းမှာပဲ ပုလဲမြို့အဝင် မျက်စိဆေးရုံအနီးမှာ သေဆုံးသူတွေကို သင်္ဂြိုဟ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒါပေမဲ့ သေဆုံးသူ အရေအတွက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုမှာ Salingyi  Special Task Force - SSTF(ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅) နဲ့ ယင်းမာပင်မြို့နယ် ပကဖတို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။ 

နိုဝင်ဘာ ၇ ရက် ဒီမနက်မှာတော့ စစ်ယာဉ်တန်းဟာ ပုလဲမြို့နယ်ထဲကနေ ယင်းမာပင်မြို့နယ်ဘက်ကို ဦးတည် မောင်းနှင်နေတယ်လို့ ဆိုပါတယ်။

Salingyi  Special Task Force - SSTF နဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၄ ရက်ကလည်း  ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ဗုံးသီး ၁၁ လုံးချကာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - ရှေ့ပြေးကားကျသည့်မြောင်းနေရာနှင့် သိမ်းဆည်းရမိစစ်အသုံးအဆောင်တချို့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့ #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲခံရ #SSTF #စစ်ကားတိမ်းမှောက် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10