မိုင်းပေါက်ကွဲတာကိုသွားကြည့်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး အသတ်ခံရ

မိုင်းပေါက်ကွဲတာကိုသွားကြည့်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကလေးကျေးရွာထဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း (၁) တပ်ခွဲ (၄) စင်္ကြာဒေသကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။ 

ကန်ကလေးရွာကို ရောက်နေတဲ့ စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦးဟာ ဒီဇင်ဘာ ၂၂ ရက် မနေ့ကမနက် ၆ နာရီလောက်မှာ ရွာအနီးမိုင်းပေါက်ကွဲသံကိုကြားပြီး အခြေအနေကြည့်ဖို့ ထွက်လာချိန်မှာ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံခတ်ရတာပါ။ 

၁ ဦးကတော့ လွတ်မြောက်သွားပြီး ၁၉ နှစ်အရွယ် ရဲဘော် နိုင်ဝင်း (ခ) ညှက်စိကတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

“**တွေရွာထဲရောက်နေတာကို သူတို့မသိလိုက်ဘူး။ တိုက်မိုင်း ၂ လုံးကွဲသံကြားတော့ သွားကြည့်ရင်း အပစ်ခံလိုက်ရတာ။ ခြေထောက်မှန်သွားတော့ လဲနေတဲ့အချိန် သုံးလေးချက်လောက် ဦးခေါင်းကို ပစ်သွားတာ ”လို့ မြိုင်ပကဖတပ်ရင်း (၁) တပ်ခွဲ (၄) စင်္ကြာ ဒေသကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံ ကိုကျွဲကြီးက ပြောပါတယ်။

ရဲဘော်ညှက်စိရဲ့ ခြေထောက်ကိုကျည်ထိချိန်မှာ ကျန်ရဲဘော်တဦးက ဆွဲခေါ်ဖို့ကြိုးစားပေမယ့် စစ်ကောင်စီဘက်က တောက်လျောက်ပစ်ခတ်မှုတွေလုပ်ထားကြောင့် မခေါ်ခဲ့ရဘဲ လွတ်အောင်ပြေးလာခဲ့ရတာလို့ ဆိုပါတယ်။ 

"တရစပ်ကြီးလိုက်ပစ်နေတော့ ကျန်တဲ့ရဲဘော်လည်း မသေရုံတမယ် မနည်းလွတ်အောင် ပြေးခဲ့ရတယ်။ ကျနော်တို့ အလောင်းသွားကောက်ချိန်မှာ **တွေက ညှက်စိဦးခေါင်းကို G-3 ကျည်နဲ့ ၃ ချက် တေ့ပီးပစ်ထားလို့ ဦးခေါင်းတစ်ခြမ်းက မပါတော့ဘူး" လို့ ကိုကျွဲကြီးက ပြောပြပါတယ်။

ရဲဘော်ညှက်စိရဲ့ အလောင်းကိုတော့ ဒီဇင်ဘာ ၂၃ ရက်ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ကိုင်းတောမရဲစခန်းက ထွက်လာတာဖြစ်ပြီး ပစ်ခတ်ပြီးနောက် ကန်ကလေးရွာထဲကနေအိမ် ၁ လုံးကို မီးရှီု့သွားပြီး မနက် ၈ နာရီလောက်မှ သရက်ကန်ရွာထဲကို စစ်ကြောင်းဝင်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာကနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေဟာ မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံအမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #ကာကွယ်ရေးတပ် #အသတ်ခံရ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10