မိုင်းရှင်းဖို့လာတဲ့ စစ်အုပ်စုက မုံရွာနယ်၊ မအူရွာက နေအိမ်တွေကို မီးရှို့ခဲ့

မိုင်းရှင်းဖို့လာတဲ့ စစ်အုပ်စုက မုံရွာနယ်၊ မအူရွာက နေအိမ်တွေကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာဘက်ကို မိုင်းရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေက မအူရွာအရှေ့ခြမ်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ 

အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ၁၁ ရက်ဒီမနက် ၇ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀ လုံး မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ပြာဖြစ်သွားတာကတော့ နေအိမ် ၉ လုံး၊ တလုံးကတော့ မီးလောင်နေတုန်းပေါ့။ ရွာသားတချို့လောက်ပဲ ရွာထဲကိုဝင်တယ်။ တချို့ကတော့ အခုလိုမီးလောင်းသွားတာတွေကို မကြည့်ရက်လို့ ရွာထဲကို မဝင်ကြသေးဘူး” လို့ မုံရွာမြို့ခံတဦးဖြစ်တဲ့ ကိုအောင်အောင်က မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ကနေ စစ်ကားတစီးနဲ့ လာတာဖြစ်ပြီး၊ ရွာကိုမီးမရှို့ခင်မှာလည်း မအူရွာအနီး လမ်းမဘေးမှာ ကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းတွေကို ဖြုတ်ဖို့ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးပြီး ဖြုတ်ခိုင်းခဲ့ကာ မိုင်းတွေဖြုတ်ပြီးနောက် ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက်မှ ရွာကိုမီးဝင်ရှို့ခဲ့တာဖြစ်ပြီး မနက် ၉ နာရီလောက်မှာ ရွာကထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိတဲ့ မအူရွာဟာ အခုလို မီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။ 

ဒါ့အပြင် ဇူလိုင်လ ၁၀ ရက် မနေ့က ညနေ ၅ နာရီ ၅၀ မိနစ်လောက်မှာလည်း မုံရွာ-မန္တလေးလမ်းမကြီး၊ မုံရွာတောင်ဘက်အဝင် မုခ်ပေါက်ဂိတ်ကနေ စစ်ကောင်စီတပ်သားတွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ မအူကျေးရွာက မိသားစုဝင် ၄ ဦးထိမှန်ခဲ့ပြီး အဲ့ဒီထဲက တဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။  

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မအူကျေးရွာ #စစ်ကောင်စီ #မီးရှို့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10