မိုင်းရှာပြီးပြန်လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

မိုင်းရှာပြီးပြန်လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်တပ်ဂိတ်ကနေ ကင်းပတ်ရင်း မိုင်းရှာထွက်လာ တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ ၄ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special Force -11 PDF အဖွဲ့ဆီက သိရပါတယ်။

မုံရွာ-ချောင်းဦး လမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်အနီး လမ်းဘေးဝဲယာမှာ မိုင်းရှာပြီးပြန်လာတဲ့ စစ်သားတွေကို ဒီမနက် ၁၂ နာရီခန့်မှာ ၅ လုံးတွဲ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ မိုင်းထိတဲ့နေရာမှာ ၂ ယောက်သေတယ်။ ပြင်းထန်ဒဏ်ရာရတဲ့ စစ်သားတွေလည်း များတယ်။ အရေအတွက်တော့ အတိအကျမသိရသေးပါဘူး" လို့ Special Force-11PDF တာဝန်ခံ PK ကပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ၅ မိနစ်ခန့် လမ်းဘေးဝဲယာတွေကို ပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရတဲ့ စစ်သားတွေကို ချောင်းဦးဘက်ကို သယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို Special Force -11 PDFနဲ့ Monywa Dynamite -STF မဟာ မိတ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေကို စနစ်တကျဖော်ဆောင်ရာမှာလိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေကို အချိန်မီ ဖြည့်တင်းနိုင်ဖို့အတွက် ပြည်သူလူထုအနေနဲ့လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့မှုပေးကြဖို့ တပ်ဖွဲ့တာဝန်ခံက ပြောဆိုထားပါတယ်။

ပြီးခဲတဲ့ မတ် ၂၃ ရက်ကလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီ ဘူဒိုဇာကားကို ညနေပိုင်းမှာ ပဒေသာမိုင်း ၅ လုံး တပွိုင့်၊ ၃ လုံး တပွိုင့် မိုင်းဆွဲတိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ချောင်းဦး #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10