မိုးစပါးအတွက် လယ်ထွန်စက် ငှားရမ်းခနှုန်းများ ယခင်ထက် ၂၀၀၀၀ ခန့်မြင့်တက်

မိုးစပါးအတွက် လယ်ထွန်စက် ငှားရမ်းခနှုန်းများ ယခင်ထက် ၂၀၀၀၀ ခန့်မြင့်တက်

ပဲခူးတိုင်းအနောက်ခြမ်းက စပါးစိုက်လယ်သမားတွေဟာ နွေစပါးအပြီး မိုးစပါးစိုက်ပျိုးဖို့  ထွန်စက်ငှားရမ်းရာမှာ ဈေးနှုန်းတွေ ယခင်နှစ်ကထက် ဈေးတက်သွားလို့ သွင်းအားစုစားရိတ်ကြီးမြင့်သွားတယ်လို့ ဒေသခံလယ်သမားတဦး က မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် လယ်တဧက တကြိမ်(ဒေသအခေါ်တစပ်)ထွန်ယက်ခကျပ် ၂၅၀၀၀ နှုန်းဖြစ်ပြီး အခုနှစ်မိုးရာသီမှာ ကျပ် ၄၅၀၀၀ ပေးချေရတာလို့ ဆိုပါတယ်။

“အရင်နှစ်ကထက်ကို ဈေးတက်သွားတော့ စိုက်ပျိုးစရိတ်ပိုကြီးသွားတာ။ စပါးစိုက်ဖို့ထွန်ယက်တဲ့အခါမှာ လယ်တဧကို တစပ်(တကြိမ်)ထွန်ယက်ရတဲ့ လယ်တွေရှိသလို ၂ စပ်ထွန်ယက်ရတာတွေလည်းရှိတယ်" လို့ ပြည်မြို့နယ်ထဲက လယ်သမားတဦး ကပြောပါတယ်။

တကြိမ်ထွန်ယက်ပါက လယ်တဧအတွက် ကျပ် ၄၅,၀၀၀ သာကုန်ကျပေမယ့် ၂ ကြိမ်ထွန်ယက်ရတဲ့လယ်တွေအတွက် ကျပ် ၉၀,၀၀၀ ကုန်ကျတယ်လို့သူကဆက် ပြောပါတယ်။ 

လက်ရှိလယ်သမားတွေမှာ ယခင်ကလို မိရိုးဖလာထွန်လာတဲ့ ခိုင်းနွားတွေကိုအသုံးမပြုတော့သလို နွေစပါးအပြီးမှာ စိုက်ပျိုးရတာဖြစ်လို့  မိုးနှောင်းချိန်ရေအမီစိုက်ပျိုးရလို့လည်း လုပ်ငန်းမြန်ဆန်တဲ့ ထွန်စက်တွေကိုသုံးကာ စိုက်ပျိုးရတာလို့ ဆိုပါတယ်။

"နွေစပါးအပြီးမှာ စိုက်ရတာဆိုတော့ အချိန်ကဆွဲနေလို့မရဘူး။ ရာသီဥတုကလည်း မှန်တာမဟုတ်တော့ စပါးတွေသီးပွင့်ကာနီးမှာက အောင်ရေမီအောင်အချိန်လုစိုက်ရတာ။ ကိုယ်ကစိုက်ပျိုးတာနောက်ကျရင်လည်း ထွန်စက်လမ်းပိတ်မှာကလည်း ရှိသေးတယ်။ ဒါကြောင့်မြန်မြန်ဆန်ဆန်ရှိတဲ့ ထွန်စက်ကိုသုံးရတာ" လို့ နတ်တလင်းမြို့နယ်က လယ်သမားတဦးကပြောပါတယ်။

မိုးစပါးစိုက်ပျိုးရာမှာလည်း ပျိုးထောင်စိုက်ပျိုးသူတွေရှိသလို တိုက်ရိုက်မျိုးစေ့ချကာစိုက်ပျိုးသူတွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးစပါးကို သက်တမ်းရှည် ရာသီစပါးတွေ စိုက်ပျိုးခြင်းမရှိတော့ဘဲ ရက် ၁၂၀ သာရှိတဲ့ သက်တမ်းတိုစပါးတွေ သာစိုက်ပျိုးကြပြီး အချို့လယ်တွေဟာ မိုးစပါးအပြီးမှာ ဆောင်းသီးနှံမတ်ပဲကို စိုက်ပျိုးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ပြည်ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမည့် လုပ်ငန်းခွင်မြင်ကွင်း။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးအနောက်ခြမ်း #မိုးစပါး #စိုက်ပျိုးရေး #ထွန်စက် #ဈေးနှုန်း #သွင်းအားစုစားရိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10