မိုးညိုက တပ်သတင်းပေးဆိုသူ ရွှေတောင်နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရ

မိုးညိုက တပ်သတင်းပေးဆိုသူ ရွှေတောင်နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူတဦး ဒီဇင်ဘာ ၁၉ ရက် မနေ့မနက် ၈ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်ခံရသူမှာ မိုးညိုမြို့နယ်၊ ညောင်ပင်ကားယားရွာ၊ တာဆုံမှာနေထိုင်သူ အသက် ၄၈  နှစ်ဝန်းကျင်ရှိ ကိုကရင် ဖြစ်ပြီး ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးရွာကို နွားဝယ်ရန်အတွက် အဖော်တဦးနဲ့ အတူ ဆိုင်ကယ်စီးနင်းလာရောက်စဉ် ရွာလယ်မှာ သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခံရတာလို့ ပြောပါတယ်။ 

“ ဆိုင်ကယ်နောက်ကနေ လာပစ်သွားတာပြောတယ်။ သေတော့ မသေဘူး  ဖြစ်ဖြစ်ချင်းတော့ သွေးအိုင်ထဲမှာ ပက်လက်ကြီး။ ဘယ်နှစ်ချက်မှန်တယ်တော့ မသိရဘူး။ သူက စစ်ကောင်စီကို သတင်းပေးလုပ်နေတာလေ“လို့  ရွှေတောင်မြို့နယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုကရင်ဟာ သေနတ်ဒဏ်ရာပြင်းထန်လို့ အဲ့ဒီနေ့မှာပဲ  ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသနေရတယ် လို့ ဆိုပါတယ်။ 

သေနတ်ပစ်ခတ်မှုဖြစ်တဲ့ရွာဟာ ပဲခူးတိုင်းအနောက်ခြမ်းက ရွှေတောင်၊ မိုးညိုနဲ့ နတ်တလင်းမြို့နယ် ၃ ခု ထိစပ်နေတဲ့နေရာဖြစ်ပြီး ကိုကရင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေဘက်က ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်မှာလည်း မိုးညိုမြို့နယ်၊ ပတ္တော်ရွာ နယ်မြေရဲကင်းအနီးမှာ "ငါတို့လာပီ ၁၀၂၇" လို့ ရေးထားတဲ့စာသားကို ဖျက်ဖို့လာတဲ့ ရဲတွေ မိုင်းဆွဲခံခဲ့ရသေးတယ်လို့ မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #ရွှေတောင် #မိုးညို #တပ်သတင်းပေး #သေနတ်ပစ်ခံရ #ဒဏ်ရာပြင်းထန် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10