မိုးညိုမှာ ဧရာဝတီမြစ်ရေတက်လို့ နှမ်းစိုက်ဧကသောင်းကျော် ပျက်စီး

မိုးညိုမှာ ဧရာဝတီမြစ်ရေတက်လို့ နှမ်းစိုက်ဧကသောင်းကျော် ပျက်စီး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေတက်တဲ့အတွက် မိုးနှမ်းစိုက်ဧက သောင်းချီကာ ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးညိုမြို့နယ်ထဲက ဆင်မနိုင်၊ ဆင်ခေါင်း၊ ဖန်ခါးပင်၊ ညောင်လေးပင်၊ လက်ပံခုံကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု ၂၀ ကျော်မှာ ရေဝင်‌ရောက်ပြီး ခုလိုပျက်စီးမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။ 

“နှမ်းခင်းစိုက်ဧက သောင်းချီပျက်ကုန်တာ။ နှမ်းခင်းတွေ ဘာမှလုပ်မရတော့ဘူး။ ခုနှစ်က နှမ်းတွေလည်း ကောင်းသလို၊ လူတိုင်းနှမ်းစိုက်တာ နှမ်းကရေဝပ်တာနဲ့ သေတာလေ” လို့ နှမ်းသုံးဧက စိုက်ထားသူ ဆင်မနိုင်အုပ်စုသားတဦးက ပြောပါတယ်။ 

အဲဒီနှမ်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းက စိုက်ပျိုးထားတာဖြစ်ပြီး ရိတ်သိမ်းဖို့ တလခန့်သာ လိုတော့တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် ဖန်ခါးပင်အုပ်စုနေ အမျိုးသမီးတဦးကလည်း ၎င်းတို့အုပ်စုအတွင်းကို ဇူလိုင် ၁၃ ရက်ညမှာ ရေစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ရေတက်နှုန်းအမြင့်ဆုံးဖြစ်ပြီး နှမ်းခင်းတွေလည်း ရေမြုပ်ကုန်တယ်လို့ ဆိုပါတယ်။

“ကျမတို့ နှမ်းနှစ်ဧက စိုက်ထားတာလည်း မြုပ်သွားပြီ။ အိမ်အောက်မှာတောင် လူတရပ်မြုပ်နေပြီ” လို့ ပြောပါတယ်။

မိုးညိုမြို့နယ်အတွင်းကို ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၁၀ ရက်ဝန်းကျင်ကစတင်ဝင်ရောက်နေတာဖြစ်ပြီး ဇူလိုင် ၁၆ ရက် ဒီနေ့မနက်ထိ ရေကဆက်တက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ မိုးညိုမြို့နယ်အတွင်းမှာ မိုးနှမ်းစိုက်ဧက ၁၃,၄၉၉၊ စပါးစိုက်ဧက ၁,၃၇၇၊ မြေပဲနဲ့ ပြောင်း ဧက ၅၀၀ ဝန်းကျင်နဲ့ အခြားသီးနှံတွေအပါ သီးနှံမျိုးစုံစိုက်ဧက ၁၆,၀၀၀ ဝန်းကျင် ရေဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားပေမယ့် မြေမြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးညိုမြို့နယ်ဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ရေနက်ကွင်းဒေသဖြစ်ကာ နှစ်စဉ် ဧရာဝတီမြစ်ရေတက်မှုကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ 

ဓါတ်ပုံ - မြစ်ရေဝင်ရောက်နေသည့် နှမ်းစိုက်ခင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မိုးညို #နှမ်းစိုက်ဧက #ရေနစ်ပြုတ် #ပျက်စီး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10