မိုးရာသီကြောင့် ပျက်စီးနေတဲ့လမ်းတွေကို ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေကပြန်လည်ပြုပြင်

မိုးရာသီကြောင့် ပျက်စီးနေတဲ့လမ်းတွေကို ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေကပြန်လည်ပြုပြင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျေးရွာတရွာမှာ မိုးရာသီကြောင့် ပျက်စီးနေတဲ့လမ်းတွေကို ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ၃ ရက်တိတိ ပြန်လည်ပြုပြင်နေကြတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီလမ်းပိုင်းဟာ ရွံ့ဗွက်တွေနဲ့ ပျက်စီးနေတဲ့အတွက် ကား၊ ဆိုင်ကယ်နဲ့ လှည်းတွေ သွားလာဖို့ ခက်ခဲနေ တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲမရှိတဲ့နေ့တွေမှာ အဲ့ဒီလမ်းပိုင်းကို ကျောက်တွေခင်း၊ မြေတွေဖို့ပြီး ပြန်လည်ပြုပြင်နေရတယ်လို့ ဆိုပါတယ်။

“သူတို့အဆင်ပြေရင် ကျနော်တို့အတွက်လည်း အဆင်ပြေတာနဲ့တူတူပါပဲ။ ကျနော်တို့ မူဝါဒက တိုက်စရာရှိရင်တိုက်၊ တိုက်စရာမရှိရင် လေ့ကျင့်၊ လေ့ကျင့်စရာမရှိရင် ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်တာပေါ့။ အခုကတော့ သုံးမျိုးစလုံး လုပ်နေပါတယ် ”လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုပြင်နေတဲ့ လမ်းပိုင်းဟာ ရွာလမ်းရဲ့အဓိကထုတ်ကုန်လမ်းဖြစ်သလို လမ်းများပြုပြင်နေစဉ်မှာလည်း ဒေသခံတချို့က ကားဆီဖိုးများထည့်ပေးသလို၊ တချို့ကလည်း ကာယအင်အားတွေနဲ့ ဝိုင်းဝန်းကူညီပေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ရွာသားအများစုကတော့ ကာယအားပေါ့။ အဲ့ဒီလမ်းမပြင်ခင်က ဆိုက်ကယ်စီးလို့တောင်မရဘူး။ လမ်းပြင်ပြီးသွားတော့ ပိုကောင်းလာတယ်။ လှည်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေအတွက် အဆင်ပြေသွားတာပေါ့ ” လို့ သူကဆိုပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ၃ ရက်အတွင်း ရွာလမ်း ၅ နေရာလောက်ကို ပြုပြင်ပေးကြောင်းနဲ့ အရင်လတွေတုန်းကလည်း ပျက်စီးနေတဲ့ တံတားတွေကို ပြန်လည်ပြုပြင်ပေးတာမျိုးတွေ၊ တံတားခင်းပေးတာမျိုးတွေလည်း ပြုလုပ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ဇွန် ၈ ရက်ကလည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အိုးအိမ်စွန့်ခွာထက်ပြေးနေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၂စုကို ဆန်၊ ခြင်ထောင်တို့လည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #ယောဒေသပြည့်သူကာကွယ်ရေး #လမ်းပျက် #လမ်းခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10