မိုးရာသီမှာ ရိက္ခာရဖို့ PDF ရဲဘော်တွေ ဘယ်လိုသယ်နေရလဲ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင် အမှတ် ၁ စစ်ဒေသနယ်မြေအတွင်း ရှေ့တန်းရောက် PDF ရဲဘော်တွေဟာ မိုးရာသီကာလအတွင်း ရိက္ခာရရှိဖို့အတွက် ခြေလျင်သွားလာကာ ဆန်၊ ဆီအပါဝင် စားသောက်ကုန်တွေကို သယ်ယူနေရတယ်လို့ စက်တင်ဘာလ ၁၆ ရက်က မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။

တပ်ဖွဲ့မှာ ကိုယ်ပိုင်ဆိုင်ကယ်တွေ ကားတွေ မရှိတဲ့အတွက် တတောင်တက်၊ တတောင်ဆင်း တောလမ်းခရီးအတိုင်း တောင်ကျချောင်းတွေကိုဖြတ်ကာ မိုးထဲလေထဲ ရေစိုစိုနဲ့ ရိက္ခာတွေကို သယ်ယူရတာပါ။

တပ်ရင်းအတွက် လိုအပ်တဲ့ရိက္ခာတွေကို ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေနဲ့ ဝယ်ကြတယ်လို့ ဆိုပါတယ်။ ရိက္ခာတွေ ဝယ်တဲ့အခါမှာလည်း ပြည်သူတချို့ကပဲ စျေးမှာသွားဝယ်ပေးပြီး ရဲဘော်တွေ လာသယ်ဖို့ လမ်းအဆင်ပြေတဲ့နေရာအထိ ပို့ဆောင်ပေးကြတယ်လို့ ဒုတပ်ရင်းမှူးစူပါ ကပြောပါတယ်။

အဲ့ဒီ ရိက္ခာပစ္စည်းတွေကို ရဲဘော်တွေက အလှည့်ကျ တာဝန်ယူ သယ်ရတာဖြစ်ပြီး မိုးရွာနေချိန် တောင်ဆင်း တောင်တက်လမ်းကို မနက် ၈ နာရီလောက် ဆင်းသယ်ကြပြီး ညနေ ၅ နာရီလောက်မှ စခန်းကို ပြန်ရောက်ကြတာပါ။ မိုးရွာတဲ့အတွက် ပစ္စည်းတွေကို နည်းနည်းချင်းပဲ သယ်ရတယ်လို့ ဆိုပါတယ်။

မိုးတွင်းကာလဖြစ်တဲ့အတွက် မိုးရွာနေတော့ ရဲဘော်တွေဟာ လမ်းချော်တာ အရှိန်မထိန်းနိုင်ဘဲ အထုတ်အပိုးတွေနဲ့ ချော်လဲတာတွေဖြစ်ကြသလို ကျွတ်တွေပေါလို့ အကိုက်ခံရတာတွေလည်း ရှိတယ်လို့ ဒုတပ်ရင်းမှူးစူပါက ပြောပါတယ်။

တပ်ရင်းမှာ ဟင်းသီး၊ ဟင်းရွက်တွေ စိုက်ပျိုးထားတဲ့အတွက် ဝယ်စားစရာမလိုဘဲ ဆန်၊ ဆီ၊ ဆား စတဲ့ကုန်ကြမ်းတွေသာ အဓိကလိုအပ်နေတာလို့ သိရပါတယ်။

မင်းဘူးခရိုင်တပ်ရင်း ၂ အနေဖြင့် နယ်မြေသစ်မှာ ကြိုးစားလှုပ်ရှားနေရတာဖြစ်သလို တပ်ဖွဲ့အပိုင် ဆိုင်ကယ်၊ ကား မရှိသေးဘဲ သွားရေးလာရေးမှာ ရဲဘော်တွေကိုပဲ အား ကိုးပြီး ခြေလျင်သွားလာနေကြရတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မင်းဘူး #မိုးရာသီ #တပ်ဖွဲ့ရိက္ခာ #သယ်ယူရေး #PDF #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10