မိုးရွာရေကြီးလို့ ACDF တပ်ဖွဲ့စခန်းရဲ့ တန်းလျားနဲ့စိုက်ခင်းတွေ ပျက်စီး

မိုးရွာရေကြီးလို့ ACDF တပ်ဖွဲ့စခန်းရဲ့ တန်းလျားနဲ့စိုက်ခင်းတွေ ပျက်စီး

မကွေးတိုင်းအတွင်းမှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့်၊ ရေကြီးရေလျှံဖြစ်ပေါ်ပြီး စခန်းတန်းလျားနဲ့စိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် ACDF တပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လလယ်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံလာတာဖြစ်လို့ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်ဆက်ဆံရေးရုံး၊ လေ့ကျင့်ရေစခန်းနဲ့ သီးနှံစိုက်ခင်းတွေ ရေမြုပ်ပျက်စီးကာ ပြန်လည်ပြုပြင်ဖို့ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

" လူတွေကတော့ ဘေးလွတ်ရာကို ရှောင်နိုင်ခဲ့ပါတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းတွေ အပျက်အစီးမရှိ ရွှေ့နိုင်ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ခင်းက အကုန်ပျက်စီးတယ်။ ရုံးနဲ့ ရဲဘော်တွေလိုင်းခန်းတွေ ပျက်စီးခဲ့တယ်" လို့ ဆလိုင်းလေပွေက မြေလတ်အသံကို ပြောပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တာကြောင့် မဟာမိတ်ဆက်ဆံရေးစခန်းမှ ရုံး၊ စားဖိုဆောင်၊ အိပ်ဆောင်၊ အိမ်သာ၊ ကြက်မွေးမြူရေးခြံနဲ့ နောက်တန်းလေ့ကျင့်ရေးစခန်းက ရဲဘော်အိပ်ဆောင် ၂ ဆောင်၊ စားဖိုဆောင်တွေက အမိုးအကာတွေ ရေနဲ့မျောပါပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အလားတူ စိုက်ခင်း ၁ ဧကခန့်မှာ ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ ဗူး၊ ဖရုံ၊ သခွား၊ ကန်ဇွန်း၊ ကြက်ဟင်းခါးသီး၊ ချဥ်ပေါင်၊ ခရမ်းသီးပင်တွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သဘာဝရေဘေးအန္တရာယ်ကို မထင်မှတ်ဘဲ ကြုံတွေ့ရတာဖြစ်သလို၊ ပြည်သူလူထုမှာ ဒုက္ခအခက်အခဲမျိုးစုံ ကြုံတွေ့နေရတာတွေရှိလို့ အကူအညီတောင်းခံခြင်းမျိုး မဟုတ်ဘဲ ၊ အရှိုချင်းကာကွယ်ရေးတပ် ACDF  ရဲဘော်ရဲမေတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတယ်ဆိုတာ ပြည်သူတွေကိုသိစေချင်တာပါလို့ သတင်းတာဝန်ခံကပြောပါတယ်။

ACDF တပ်ဖွဲ့ကမြေပြင်မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်သလို၊ ပြည်သူတွေအနေနဲ့လည်း အဖွဲ့ကိုယုံကြည်စွာနဲ့ ပူးပေါင်းပါဝင်လို့ အဆုံးထိတိုက်ပွဲဝင်နိုင်ဖို့ ခွန်အားတွေလည်း ပေးပါလို့လည်း ပြည်သူတွေထံ သတင်းစကားပါးလိုက်တယ်လို့ ဆိုပါတယ်။

ACDF တပ်ဖွဲ့ဟာ မကွေးတိုင်း အလယ်ပိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း စစ်ဒေသနယ်မြေမှာ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #အရှိုချင်း #ACDF #သဘာဝဘေး #ပျက်စီးဆုံးရှုံးမှု #ပြန်လည်တည်ဆောက်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10