မိုးရွာ၊ ရေတိုက်စားလို့ ပျက်စီးနေတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ပြုပြင်ဖို့ အကူညီလိုအပ်

မိုးရွာ၊ ရေတိုက်စားလို့ ပျက်စီးနေတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ပြုပြင်ဖို့ အကူညီလိုအပ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အပိုင် မုံရွာ-ပုလဲ-ဂန့်ဂေါသွား လမ်းပိုင်းတနေရာ မိုးသည်းထန်စွာရွာပြီး ရေတိုက်စားရာကနေ ပျက်စီးခဲ့တာကြောင့် အဲ့ဒီလမ်းပိုင်းကို ပြန်လည်ပြုပြင်ဖို့အတွက် အကူညီတွေလုပ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

သြဂုတ် ၂၂ ရက်က မိုးသည်းထန်စွာရွာပြီးနောက် ရေတိုက်စားကာ အထက်ပါလမ်းပိုင်းရှိ မိုင်တိုင် ၅၁ အနီးမှာ အလျားပေ ၁၃၀ လောက် ပျက်စီးခဲ့တာဖြစ်ပါတယ်။  

“လမ်းပြုပြင်ရုံတင်မဟုတ်ဘူး။ တဖက်က ချောက်ဖြစ်နေတော့ ခိုင်ခံ့တဲ့ မြေထိန်းနံရံတွေပါ လုပ်ပေးမှ ရေရှည်မှာအဆင်ပြေမှာလို့ အင်ဂျင်နီယာတွေက အကြံပြုထားပါတယ်။ ဒါကြောင့် စုစုပေါင်းတွက်ချက်ရာမှာ ကျပ်သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်တယ်" လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်က ပြောပါတယ်။ 

လက်ရှိမှာ လမ်းပြုပြင်ဖို့ ငွေကြေးလိုအပ်ချက်တွေရှိနေပြီး အလှူငွေထည့်ဝင်လှူဒါန်းလိုသူတွေ အနေနဲ့ ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဦးဇော်ထက်က ပြောပါတယ်။

ပျက်စီးသွားတဲ့လမ်းပိုင်းအစား ပုလဲမြို့နယ်တိုက်နယ် ၈ ရဲ့ ပအဖနဲ့ ပကဖအဖွဲ့ဝင်တွေက ယာယီသွားလာနိုင်ရေး လမ်းဖောက်ထားတဲ့အတွက် လက်ရှိမှာ ကုန်ကားတွေပါသွားလာနိုင်ပေမယ့် မြေပြိုကျပါက အန္တရာယ်ရှိနိုင်သလို ထပ်ပြီးမိုးသည်းထန်စွာရွာပါကလည်း အဲ့ဒီလမ်းပါ ပျက်စီးပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ဒီလမ်းပိုင်းဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးအတွက် အဓိကအရေးပါတဲ့လမ်းပိုင်းတခုလည်း ဖြစ်တယ်လို့သိရပါတယ်။

ပုံစာ - ပျက်စီးသွားသည့်လမ်းပိုင်းနှင့် ယာယီလမ်းဖောက်လုပ်နေမှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #လမ်းပိုင်း #ပျက်စီး #မိုးသည်းထန်စွာရွာ #ပြုပြင် #ငွေကြေးလိုအပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10