မိုးအဆက်မပြတ်ရွာလို့ ပဲခူးရိုးမအစပ်က PDF တွေနဲ့ စစ်ရှောင်တွေ နေထိုင်စားသောက်ရေးခက်ခဲနေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းမှာ ၄ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာနေတဲ့အတွက် ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ နဲ့ စစ်ရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးတွေ အခက်အခဲဖြစ်တယ်လို့  သိရပါတယ်။ 

နိုဝင်ဘာ ၅ ရက်ကစပြီး နိုဝင်ဘာ ၈ ရက်အထိ မိုးအဆက်မပြတ်ရွာနေတဲ့အပြင် လေပြင်းပါတိုက်လို့ ကာကွယ်ရေးရဲဘော်တွေနေထိုင်တဲ့ တဲတွေမှာ မိုးယိုတာနဲ့ မိုးမလုံတဲ့အတွက် ရဲဘော်တွေဖျားနာတာတွေဖြစ်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ (PPDF) ရဲ့စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မိုးက အခုချိန်ထိ မတိတ်သေးဘူး။ ကြာရင်အဝတ်တွေမရှိတော့လို့ စောင်ပတ်နေရတော့မယ်။ စခန်းထဲမှာ ဖျားနေတဲ့ ရဲဘော် ၈ ယောက်လောက်ရှိတယ်။” လို့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုလို မိုးအဆက်မပြတ်ရွာတာကြောင့် ပဲခူးရိုးမအစပ်မှာ စစ်ရှောင်နေရတဲ့ပေါင်းတည်မြို့နယ်နဲ့ နတ်တလင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာခန့်က စစ်ရှောင် ၁၀၀၀ ခန့်ဟာလည်း နေထိုင်ရေး ခက်ခဲနေတဲ့အပြင် သွားရေးလာရေးခက်ခဲတာကြောင့် စားသောက်ချက်ပြုတ်ဖို့အတွက်ပါ အဆင်မပြေဖြစ်နေကြတာပါ။

“မရှိတဲ့သူနဲ့ ရှိတဲ့သူနဲ့ မျှတပြီးတော့မှ စားနေရတယ်။ အခြားရွာတွေပေါ်ကို သွားဝယ်မယ်ဆိုတော့လည်း မိုးမိပြီးတော့ ဖျားနာတွေက တအားဖြစ်မှာစိုးလို့ ဘယ်သူမှမသွားရဲတော့ ရှိတာလေးနဲ့ပဲ ငပိဖုတ်စားနေရတယ်။ တချို့တဲတွေဆို အောက်ကနေမီးထည့်ပြီး လုပ်ပေးရတယ်။ တာလပတ်က တာရှည်မခံဘူး ခါတိုင်းနှစ်က မိုးတွင်းဆိုရင် ဒီနေရာကတဲဆောက်ထားလို့မလုံခြုံဘူးလား ဟိုဘက်ကိုရွှေ့။ တခါတာလပတ်ကဖြုတ်ရတော့ ပေါက်ပြဲ။ အဲ့လိုမျိုး တာလပတ်ကလေးတွေကို သူတို့ကပြန်ပြီးတော့ မိုးနေရတော့ မိုးကမလုံဘူး။” လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေမှာလည်း ဖျားနာနေကြတဲ့အတွက် ဖြစ်သလိုဆေးကုသနေကြရတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးအပတ်လောက်မှာလည်း ပဲခူးတိုင်းအတွင်းရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့ပေါ်က ပြည်သူ ၄ ဦး၊ ကျောက်ကြီးမြို့နယ်က ပြည်သူ ၁ ဦး၊ ပန်းတောင်းမြို့နယ်က ပြည်သူ ၂ ဦး၊ လက်ပံတန်းမြို့နယ်က ပြည်သူ ၁ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပေါင်းတည် #စစ်ရှောင် #PDF #မိုးရွာသွန်း #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10