မီးဘေးစစ်ဘေးရှောင် ပြည်သူတွေကို ထောက်ပံ့ဖို့ သီးနှံတွေဝယ်ယူသလို မြေငှားရမ်းပြီး ထပ်မံစိုက်ပျိုး

မီးဘေးစစ်ဘေးရှောင် ပြည်သူတွေကို ထောက်ပံ့ဖို့ သီးနှံတွေဝယ်ယူသလို မြေငှားရမ်းပြီး ထပ်မံစိုက်ပျိုး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ မြိုနယ်တချို့မှာ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံဖို့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ စတင်စိုက်ပျိုးနေတယ်လို့ S&C အဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၂၀ ရက်က စတင်ပြီး အသီးတွေအသင့်ခူးဆွတ်နိုင်တဲ့ ၃ ဧကရှိ ကျောက်ဖရုံသီးအခင်းကို ဝယ်ယူခူးဆွတ်နေပြီး အခြား စားသုံးသီးနှံတွေကို စတင်စိုက်ပျိုးနေပြီလို့ ဆိုပါတယ်။

"အရင်ဦးဆုံး ၃ ဧကစိုက်မယ်။ ကွင်းဆင်းလုပ်နေကြပြီ။ စိုက်လက်စကျောက်ဖရုံခင်းနဲ့ ခရမ်းခင်းကို ငွေချေလိုက်ပါတယ်။ အသီးတွေလည်း ခူးပြီးပြီ။ အပြတ်ဝယ်လိုက်တဲ့ သဘောပါ။ အခုခရမ်းအပင် ၈၀၀ ကျော်စိုက်ထားပါပြီ" လို့တာဝန်ခံ ကိုစိုးမိုးအောင်ကပြောပါတယ်။

စိုက်ခင်းမှာ ဗူး၊ သခွား၊ ဖရုံ၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဥ်၊ ငရုတ်၊ တိုင်ထောင်ပဲ၊ မုန်လာ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ နံနံ သီးနှံစုံကို ၂ ဧကစိုက်ပျိုးမှာ ဖြစ်ပြီး၊ သီးသန့်အနေနဲ့ အော်ဂဲနစ်သီးနှံကို ၁ ဧကစိုက်ပျိုးဖို့ရည်မှန်းထားပါတယ်လို့ သူကဆက်ပြောပါတယ်။

စိုက်ခင်းလုပ်ကိုင်ရမှာ လိုအပ်တဲ့လုပ်အားကို အနီးနားမှာရှိတဲ့ ရွာသူ/သား တွေက ကူညီလုပ်ကိုင်ပေးမှာရှိသလို အဆင်မပြေတဲ့သူတွေကိုလည်း၊ တနေ့တာလုပ်အားခအဖြစ် ၃၀၀၀ ကျပ်ပေးသွားမှာဖြစ်ပြီး၊ စိုက်ခင်းတွေကို တခုပြီးတခု ထပ်မံတိုးချဲ့ စိုက်သွားမယ်လို့ဆိုပါတယ်။

မီးဘေးသင့်နဲ့စစ်ရှောင်ပြည်သူတွေ ရိက္ခာဖူလုံဖို့အတွက် စိုက်ခင်းမြေနေရာကို အလှူရှင်တဦးငှားရမ်းပေးထားတာဖြစ်ပြီး၊ စိုက်ပျိုးရာမှာ တောင်သူမိသားစုဝင်တွေရှိလို့ အခက်အခဲမရှိသလို၊ စိုက်ပျိုးရေးမေဂျာနဲ့ ဘွဲ့ရထားတဲ့အဖွဲ့ဝင်တွေလည်း ပါဝင်လုပ်ကိုင်ကြမှာပါလို့ S&C တာဝန်ခံက ပြောပါတယ်။

စိုက်ခင်းအတွက် အထွေထွေကုန်ကျစရိတ်ကိုတော့ ပြည်တွင်းပြည်ပအလှုရှင်တွေ လှူဒါန်းငွေနဲ့ လုပ်ကိုင်ရတာဖြစ်သလို၊ မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေသာမကဘဲ၊ ရိက္ခာလိုအပ်တဲ့ တခြားပြည်သူတွေကိုလည်း ကူညီထောက်ပံပေးသွားမှာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေဘိုခရိုင်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေမီးရှို့ဖျက်ဆီးနေတာကြောင့် မီးဘေးသင့်နဲ့စစ်ရှောင်ပြည်သူတွေအတွက် ရေရှည်မှာ ရိက္ခာဖူလုံဖို့ စိုက်ပျိုးလုပ်ကိုင်နေကြရတာလို့ သိရပါတယ်။

ပုံစာ - စစ်ရှောင်များအတွက် ဝယ်ယူထားသည့် သီးနှံအခင်းကို ခူးဆွတ်နေကြစဉ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #S&C #စစ်ဘေးရှောင် #စိုက်ပျိုးရေး #ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10