မီးရှို့ခံရတဲ့ နေအိမ် ၂၀၀ ကျော်အတွက် ပြန်လည်တည်ဆောက်ပေးနိုင်ဖို့ S&C အဖွဲ့ ပြင်ဆင်နေ

မီးရှို့ခံရတဲ့ နေအိမ် ၂၀၀ ကျော်အတွက် ပြန်လည်တည်ဆောက်ပေးနိုင်ဖို့ S&C အဖွဲ့ ပြင်ဆင်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူကြီးကျေးရွာမှာ မီးရှို့ခံရတဲ့နေအိမ် ၂၀၀ ကျော်အတွက် ပြန်လည် တည်ဆောက်ပေးနိုင်ဖို့ S&C (မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့)က ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

ထူကြီးကျေးရွာကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲက နေအိမ် ၂၀၀ ကျော်ဟာ မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပြီး  မီးလောင်ပျက်စီးခဲ့တဲ့ နေရာတွေကို ပြန်လည်ရှင်းလင်းပြီး နေအိမ်အသစ်တွေ အမြန်ဆုံး တည်ဆောက်ပေးနိုင်ဖို့အတွက် ကြိုးစား ပြင်ဆင်နေတယ်လို့ S & C အဖွဲ့က မြေလတ်အသံကို ပြောပါတယ်။

"ထူကြီးကျေးရွာက တောင်ရွာ၊ မြောက်ရွာ ဆိုပြီး ၂ ပိုင်း ရှိတယ်။ အဲဒီ ၂ ပိုင်းလုံး မီရှို့ခံရတယ်။ အခုရွာထဲကနေ စစ်ကြောင်းတွေ ထွက်သွားပြီးဆိုတော့ ကျတော်တို့တွေ မီးလောင်ထားတာတွေကို ရှင်းလင်းပြီး အိမ်တွေ ပြန်ဆောက်ပေးသွားမှာပါ။ အိမ်တွေ ပြန်ဆောက်ပေးဖို့လည်း ကျတော်တို့အစီအစဉ်တွေ ဆွဲနေပြီး ကျတော်တို့အနေနဲ့လည်း တတ်နိုင်သလောက် ကူညီဖို့အဆင်သင့်ပါပဲ" လို့ ဆိုပါတယ်။

လက်ရှိမှာ ထူကြီးရွာက စစ်ရှောင်ပြည်သူ ၂ ထောင်ကျော်ဟာ S & C စစ်ရှောင်စခန်းတွေမှာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးအတွက်ကိုလည်း တာဝန်ယူ စောင့်ရှောက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

"သူတို့ရွာထဲကို စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ကျတော်တို့ စစ်ရှောင်စခန်းဘက်ကို ထွက်ပြေးလာကြတယ်။ ထူကြီးရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတဲ့ရွာပါ။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးတွေ မရှိပါဘူး။ အခုလောလောဆယ်မှာတော့ ကျတော်တို့ကစောင့်ရှောက်ပေးထားတယ်" လို့ ဆိုပါတယ်။

S & C (မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့)ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ‌အိမ်အလုံး ၁၀၀၀ ပရောဂျက်နဲ့ ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုစတဲ့ မြို့နယ်တွေအတွင်းက စစ်ဘေးမီးဘေးသင့် ဒေသခံတွေအတွက် နေအိမ် ၃၀၀ ကို အချိန်တိုအတွင်း ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

S & C အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်း အခြေပြပြီး ဒေသအတွင်း စစ်ဘေးမီးဘေးသင့် ပြည်သူများအား ကိုယ်ထူကိုယ်ထ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10