မုဒိမ်းကျင့် လူသတ်အလောင်းဖျောက်သူကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ

မုဒိမ်းကျင့် လူသတ်အလောင်းဖျောက်သူကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ

ပဲခူတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်က ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့် လူသတ် အလောင်းဖျောက်ပြီး နေအိမ်တဲကိုပါ မီးရှို့ခဲ့သူ အမျိုးသားတဦးကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် တောင်ငူခရိုင်တရားသူကြီးရုံးက သြဂုတ် ၃၁ ရက်မှာ အမိန့်ချမှတ်ခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ကြိုးပေးကွပ်မျက်မိန့်ချခံရသူဟာ ဖြူးမြို့နယ်၊ မင်းဂံရိုးအုပ်စု၊ ရေကျော်ကျေးရွာနေသူ အောင်စိုးမြင့်(ခ)ကတုံး ဖြစ်ပါတယ်။

ကတုံးဟာ အဒေါ်အရင်းဖြစ်တဲ့ ကလေးအမေကို ၈ နှစ်ကြာလက်ထပ်ပေါင်းသင်းပြီး ၂၀၂၂ ဇန်နဝါရီ ၇ ရက်က မိန်းမကိုသတ်ကာ အလောင်းဖျောက်မြေမြှုပ်ပြီး မယားပါသမီး(မောင်နှမတဝမ်းကွဲတော်စပ်သူ)ကို အဓမ္မပြုကျင့် လည်ပင်းညှစ်သတ်ပြီး နေအိမ်တဲကို မီးရှို့မှုတွေ ကျူးလွန်ခဲ့တာကြောင့် အခုလို လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာလို့ ဖြူးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။  

ကတုံးဟာ ပြစ်မှုကျူးလွန်ပြီး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်နဲ့ နတ်မောက်မြို့နယ်တို့မှာ တိမ်းရှောင်နေထိုင်ရင်း ၂၀၂၂ ဇူလိုင် ၆ ရက်က ဖမ်းဆီးခံရကာ ဖြူးမြို့နယ်ရဲစခန်းက  စစ်ဆေးတရားစွဲခဲ့တာလို့ သိရပါတယ်။

တရားခံ အောင်စိုးမြင့်(ခ)ကတုံးကို တောင်ငူခရိုင်တရားရုံးက ဥပဒေပုဒ်မ ၃၀၂(၁) (ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချခဲ့ပြီး ပုဒ်မ ၃၇၆(၁)အရ ထောင်နှစ် ၂၀ နဲ့ပုဒ်မ ၄၃၆ အရ ထောင် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - တရားခံအောင်စိုးမြင့်(ခ)ကတုံးနဲ့ သက်သေခံပစ္စည်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူတိုင်း #ဖြူးမြို့နယ် #မုဒိမ်းကျင့် #အလောင်းဖျောက် #သေဒဏ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10