မုန်တိုင်းကြောင့် မကွေး-ပွင့်ဖြူ-စလင်းလမ်းက တံတားငယ်တစင်းပျက်လို့ သွားလာရေးအခက်တွေ့နေ

မုန်တိုင်းကြောင့် မကွေး-ပွင့်ဖြူ-စလင်းလမ်းက တံတားငယ်တစင်းပျက်လို့ သွားလာရေးအခက်တွေ့နေ

မကွေးတိုင်း၊ မကွေး-ပွင့်ဖြူ-စလင်း လမ်းပေါ်က တံတားငယ်တစင်း မိုခါမုန်တိုင်းကြောင့် ရေတိုက်စားကာပျက်စီးခဲ့လို့ ဒေသခံတွေ ကူးသန်းသွားလာရေး အခက်တွေ့နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်၊ လှဲကြီးရွာနဲ့ သက်သာပန်းတောင်းရွာကြားရှိ ရိုးမြောင်းပေါ်ကို ဖြတ်ဆောက်ထားတဲ့ တံတားအောက်ခြေမှ ကွန်ကရစ်ထောက်တိုင်ပျက်စီးခဲ့လို့ မေလ ၁၆ ရက်ညနေကစတင်ကာ မြို့နယ်စစ်ကောင်စီက အသုံးပြုခွင့်ပိတ်ခဲ့တာလို့ ဆိုပါတယ်။


"မုန်တိုင်းမိုးကလည်းရွာ၊ ရေကလည်းတအားကြီးတော့ တံတားအောက်ခြေတိုင် ဘယ်နေ့ကပျက်လည်းတော့ မသိဘူး။ ကားကြီးကားငယ်တွေ မသွားဖို့ကိုတော့ ပိတ်ထားလိုက်ပြီ။ စက်ဘီး ဆိုင်ကယ်လောက်ပဲ သွားခွင့်ပြုတယ်။ ကားကြီးကားငယ်တွေ အခက်အခဲကြုံသွားတာပေါ့" လို့ ဒေသခံတဦးက ပြောပါတယ်။

တံတားအသုံးပြုခွင့် ပိတ်ထားတဲ့အတွက် ရန်ကုန်-စလင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်တွေအပါ ဒေသတွင်းကခရီးသည်တင်ယာဥ်တွေဟာ အဲ့ဒီလမ်းပိုင်းကသွားလို့မရဘဲ အခြားလမ်းပိုင်းတွေကနေ ပြောင်းရွှေ့သွားလာနေရတာကြောင့် ခရီးချိန်ကြာမြင့်ကာ လုပ်ငန်းကြန့်ကြာမှုတွေလည်း ဖြစ်ပေါ်နေတာလို့ သိရပါတယ်။

"ရန်ကုန်ကလာတဲ့ကားက တံတားနားရောက်တော့ရပ်ပြီး ခရီးသည်တွေက တံတားပေါ်က ခြေလျင်ဖြတ်လျောက်ရတယ်။ ဟိုဘက်(စလင်း)ခြမ်းမှာက သူတို့ဂိတ်က အသင့်စောင့်နေတဲ့ ကားပေါ်ကို ပြန်တက်ပြီးမှ ခရီးဆက်ရတယ်။ ကားဆရာတွေလည်း အလုပ်ရှုပ်တာပေါ့ဗျာ"လို့ အဝေးပြေးမော်တော်ယာဥ်လိုင်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိုပါ နှောင့်နှေးစေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့ မျှော်လင့်တယ်လို့ နောက်ထပ်ဒေသခံတဦးက ဆိုပါတယ်။

"ဒီလမ်းပိုင်းက ကျနော်တို့အတွက် ဆန်စပါး၊ ပဲ၊ နှမ်း စတဲ့ဒေသထွက်ကုန်တွေ ကူးသန်းရောင်းဝယ် တင်ပို့တဲ့ အဓိကလမ်းပါဗျ။ ကျန်းမာရေး၊ လူမှုရေး အရေးပေါ်ကိစ္စတွေ ဒီလမ်းကိုပဲ အဓိကထားနေရတာ အမြန်ဆုံးတော့ ပြုပြင်စေချင်တယ်” လို့ ပြောပါတယ်။

မကွေးနဲ့ စလင်းမြို့ကို လယ်ကိုင်း-ကျောင်းတော်ရာ-မုန်တောကြီးလမ်းကနေ သွားလို့ရပေမယ့် ကွေ့ပတ်သွားရပြီး ခရီးဝေးတဲ့အတွက် အသုံးပြုသူနည်းပါးတယ်လို့လည်း ဆိုပါတယ်။

တံတားပျက်စီးမှုကို စစ်ကောင်စီလက်အောက်ခံ လမ်းတံတားဌာနက ပြုပြင်ဖို့စီစဥ်နေတယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတံတားကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့တာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #ပွင့်ဖြူ #တံတာပျက်စီး #သွားလာရေးအခက်တွေ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10