မုန်တိုင်းငယ် (Depression) ကြောင့် စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ နေရာကွက်ကြားမိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး

မုန်တိုင်းငယ် (Depression) ကြောင့် စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ နေရာကွက်ကြားမိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ အခြားပြည်နဲ့တိုင်းတွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့  မိုးဇလဌာနက နိုဝင်ဘာလ ၁၆ ရက် ဒီမနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ  မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့လည်း ပါဝင်ပြီး နိုဝင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ မိုးရွာသွန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကယားပြည်နယ်တို့မှာလည်း နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ အသိပေးထားပြီး မုန်တိုင်းငယ် (Depression) ဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့လည်း ဖော်ပြပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက်ဒီကနေ့မနက်ပိုင်းမှာတော့ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ဆင်ဖြူကျွန်းနဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်နဲ့ ဝက်လက်မြို့နယ်တွေမှာ မိုးအနည်းငယ်ရွာသွန်းမှုရှိနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စပါးတွေရိတ်သိမ်းနေဆဲဖြစ်သလို ပဲနဲ့နှမ်းတွေကိုလည်း စိုက်ပျိူးထားပြီး မိုးများစွာရွာသွန်းပါက ပျက်စီးနိုင်တယ်လို့ ယင်းမာပင်မြို့နယ် ပဲစိုက်တောင်သူတဦး ဆီက  သိရပါတယ်။ 

 စာတည်း - ရင်ငြိမ်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #မုန်တိုင်းငယ် #မိုးရွာသွန်းမှု #မိုးဇလ #သတိပေးထုတ်ပြန် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10