မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းအတွင်းမြို့နယ်တွေမှာ သစ်ပင်တွေလဲကျပြီး နေအိမ်ပျက်စီးမှုတွေရှိ

မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းအတွင်းမြို့နယ်တွေမှာ သစ်ပင်တွေလဲကျပြီး နေအိမ်ပျက်စီးမှုတွေရှိ

ပဲခူးတိုင်းအတွင်းကမြို့နယ်တွေဖြစ်တဲ့ ပဲခူး၊ မိုးညို၊ ညောင်လေးပင်၊ နတ်တလင်း၊ ပေါင်းတည်၊ သာယာဝတီ၊ အုတ်ဖိုမြို့ နယ်တွေမှာ မိုးရွာလေပြင်းတိုက်လို့ သစ်ပင်လဲကျတာနဲ့နေအိမ်ပျက်စီးတာတွေရှိတယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
မေလ ၁၄ ရက် ဒီကနေ့ မနက်အစောပိုင်းကတည်းက မိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်တာကြောင့် နေအိမ်တွေ အမိုးလန်ပျက်စီး၊ သစ်ပင်တွေပြိုလဲကျလို့ လမ်းပိတ်တာတွေရှိနေတယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

 
"ကျနော်တို့ဆီမှာတော့ မနက် ၃ နာရီလောက်စပြီး မိုးရွာလေတိုက်တာ။ နေ့လည် ၁၂ လောက်ထိက လေတိုက်နေတုန်းဘဲ မိုးကနည်းနည်းစဲသွားပြီး။ ပဲခူးမြို့ပေါ်မှာတောင် နေအိမ်အမိုးလန်တာ။ သစ်ပင်လဲတာတွေရှိတယ်" လို့ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းလေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာမှာ နေအိမ် ၁ လုံး၊ မိုးညိုမြို့၊ မြို့မရပ်ကွက်မှာ နေအိမ် ၁ လုံး၊ နတ်တလင်းမြို့နယ်၊ သပြေလှကျေးရွာမှာ နေအိမ် ၁ လုံး၊ ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာမှာ နေအိမ် ၁ လုံးတို့ ပြိုကျပျက်စီးခဲ့ပြီး အမိုးလန်ပျက်စီးတဲ့ နေအိမ် ၈ လုံးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်။
 
 
ဒါ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအနီးနဲ့ ပေါင်းတည်မြို့နယ်၊ မင်းကွက် ၄ ရပ်ကွက်၊ အုန်းသုံးပင်ကျေးရွာတွေအနီးက ရန်ကုန်-ပြည်ကားလမ်းမကြီးတွေမှာ သစ်ပင်လဲကျလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ် ခဲ့ကာ ပဲခူးမြို့ပေါ်ရပ်ကွက်တချို့က လမ်းတွေမှာလည်း အပင်တွေကျိုုးကျပျက်စီးမှုတွေရှိတယ်လို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးမှုအခြေနေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိရဖို့ မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပြီး ပျက်စီးမှုတွေကိုတော့ မီးသတ်၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေက ဝိုင်းဝန်းရှင်းလင်း နေတယ်လို့ သိရပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်နေပြီဖြစ်ပြီး ရခိုင်၊ ဧရာဝတီ၊ ချင်း၊ စစ် ကိုင်း၊ မကွေး၊ ကချင် စတဲ့ပြည်နယ်၊တိုင်းတွေကို ဖြတ်သန်းဝင်ရောက်မည်ဖြစ်ကာ မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာလည်း လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်းစွာရွာသွန်းတာတွေ ဖြစ်ပေါ်မယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းသတိပေးထားပါတယ်။
 
စာတည်း-ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10