မုန်တိုင်းအလွန် ပျက်စီးသွားတဲ့လမ်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ပြုပြင်

မုန်တိုင်းအလွန် ပျက်စီးသွားတဲ့လမ်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ပြုပြင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ မိုခါမုန်းတိုင်းကြောင့်ပျက်စီးသွားတဲ့လမ်းတွေကို ပအဖ၊ ပကဖနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် ဒေသခံတွေကစုပေါင်းပြီး ပြန်လည်ပြုပြင်နေကြပါတယ်။

မေလ ၂၁ ရက်နေ့က စတင်ပြီးပြုပြင်ရာမှာ ပအဖ၊ ပကဖနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ ဒေသတွင်းပြည်သူလူထုတွေရဲ့ မတည်ငွေနဲ့ပဲ ပြုပြင်နေတယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ယင်းမာပင်နယ်ထဲမှာပဲ မိုခါကြောင့်ပျက်စီးသွားတဲ့ တံတားတွေ၊ လမ်းတွေကို ပြင်ပေးဖြစ်တာပါ။ တံတားကိုလည်း မေ ၁၉ ရက်နေ့မှာ ပြင်လိုက်တယ်။ တော်လှန်ရေးကာလဖြစ်တော့ တံတားကို အပြီးစီးပြီးသွားတာမျိုးတော့မဟုတ်ပေမဲ့ ကြားထဲမှာ သွားလာဖို့အဆင်ပြေအောင် ကျနော်တို့နဲ့ဒေသခံတွေရဲ့ မတည်ငွေနဲ့ ပြန်လည်ပြုပြင်ခဲ့ကြတာပါ။ ဘယ်ပရဟိတအဖွဲ့တွေမှ လာရောက်ကူညီပေးတာမျိုးတော့မရှိပါဘူး ” လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့လည်း မိုခါဆိုင်ကလုံးမုန်တိုင်းတုံ့ပြန်ရေးအတွက် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ကို ဖွဲ့စည်းထားပေမဲ့လည်း မိမိတို့ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် ထောက်ပံ့ကြေးငွေကြေးတွေကို မယူတော့ဘဲကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ပြုပြင်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

“သဘာဝဘေးစီမံကနေပြီးတော့မှ အစည်းအဝေးတွေလည်းခေါ်ပါတယ်။ ခေါ်ပြီးတော့မှ ကိုယ့်မြို့နယ်အလိုက်ပျက်စီးဆုံးရှုံးမှုတွေကို တင်ပြခိုင်းတယ်။ တင်ပြခိုင်းပြီးတော့မှ ပြန်ပြီးပြုပြင်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲဆိုတာ ထပ်တင်ပြခိုင်းတယ်။ ကျနော်တို့မြို့နယ်တွေမှာက တိုက်ရိုက်မုန်တိုင်းဒဏ်ခံလိုက်ရတာတော့ မဟုတ်ဘူး။ ကျနော်တို့သည် မိုးများသွားတာရယ် ဆည်ရေကျိုးတာရယ်ကြောင့် ကျနော်တို့က ရေဘေးသင့်ပြည်သူဖြစ်သွားကြတာပါ။" လို့ ပအဖအဖွဲ့ဝင် ကဆိုပါတယ်။


အချို့တံတားတွေနဲ့ လမ်းတွေကိုတော့ မတည်ငွေ သိန်း ဆယ်ဂဏန်းခန့်နဲ့ ဒေသခံတွေထည့်ဝင်ငွေတွေစုပေါင်းပြီး ပြုပြင်နေတာဖြစ်ပြီး ပြုပြင်ရန်လမ်းတံတားတွေ ကျန်ရှိနေသေးတဲ့အတွက် ကုန်ကျမှုအသေးစိတ်ကို လတ်တလောပြောပြလို့ မရနိုင်သေးဘူးလို့ သူက ပြောပါတယ်။

ဆက်လက်ပြီး "နေရာတိုင်းမှာ NUG ကိုပဲ အားကိုးလို့မရဘူးလေ။ ကျနော်တို့ အစိုးရကလည်း ပြည်သူတွေရဲ့လှူဒါန်းပံ့ပိုးမှုတွေနဲ့ ရပ်တည်နေကြတာဆိုတော့ အဲဒါကြောင့် ကျနော်တို့ ပြန်လည်ပြုပြင်ဖို့ကိုတော့တင်ပြတယ်။ ကုန်ကျစရိတ်တွေကို မတင်ပြတော့ဘဲ ကိုယ့်အားကိုယ်ကိုးနဲ့ ကိုယ့်မြို့နယ်ကိုယ် ပြန်ပြီးပြုလုပ်လိုက်တာပါ” လို့ ဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် နေအိမ်အချို့ ရေထဲမျောပါသွားတဲ့ ယင်းမာပင်မြို့နယ်ထဲက ဒေသခံအချို့ကတော့ နီးစပ်ရာကျေးရွာဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ ရေကျသွားပေမဲ့လည်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံတချို့ဟာ သောက်သုံးရေတွေလိုအပ်နေသလို၊ စားသောက်ဖို့အတွက် ဆန်၊ ဆီ၊ ဆားနဲ့ ငါးသေတ္တာစတဲ့ ကုန်ခြောက်ပစ္စည်းတွေအတွက် အကူညီတွေလိုအပ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စာတည်း-007

#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #မိုခါ #လမ်းတံတား #ပအဖ #ပကဖ #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10