မုံရွာက ကျေးရွာတွေကို စစ်တပ်ကမီးရှို့ချိန် အသက် ၈၀ ကျော် အဘွားတဦး မီးထဲပါသေဆုံး

မုံရွာက ကျေးရွာတွေကို စစ်တပ်ကမီးရှို့ချိန် အသက် ၈၀ ကျော် အဘွားတဦး မီးထဲပါသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကျေးရွာတွေကို စစ်တပ်ကမီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ကျော် ပျက်စီးခဲ့ပြီး အဘွားအိုတဦးလည်း မီးထဲပါသေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း  တပ်ခွဲ ၂ GZ - 21 Yinmarbin  PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

မုံရွာမြို့နယ်က ဘူးတောင်းကန်၊ တဲကြီးကုန်း၊ ပေကုန်း၊ ဆုံကုန်းရွာတွေက နေအိမ်တွေကို ဖေဖေါ်ဝါရီ ၂၈ ရက် ညနေနဲ့  ၂၉ ရက် မနက်ပိုင်းမှာ မီးရှို့ခဲ့ရာ ဆုံကုန်းရွာက အသက် ၈၀ ကျော် အဘွားတဦး မီးလောင်သေဆုံးခဲ့တာပါ။

 

အဲဒီစစ်ကြောင်းဟာ မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံ အမြောက်တပ်ကနေ ဖေဖေါ်ဝါရီ ၂၈ ရက်က အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး အဲဒီနေ့ ညနေမှာပဲ ဘူးတောင်းကန်ရွာကို မီးရှို့ခဲ့ပြီး ခိုးသန်းရွာက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်ခဲ့ပါတယ်။

 

နောက်တနေ့မနက်မှာတော့ အနီးတဝိုက်ကကျေးရွာတွေကို မီးရှို့ခဲ့ရာ ဘူးတောင်းကန်ရွာက နေအိမ်  ၁၀ လုံး၊ တဲကြီးကုန်းက  ၂၀ လုံး၊ ပေကုန်းက ၁၅ လုံးနဲ့ ဆုံကုန်းရွာကနေအိမ် ၂၀ ကျော် စုစုပေါင်း ၆၀ ကျော်ဝန်းကျင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

“ဘာတိုက်ပွဲမှ မရှိပဲနဲ့ မီးတင်(မီးရိူ့)တာ။ နေမကောင်းလို့  ဆီးပိုက်တန်းလန်းနဲ့ အိပ်ယာထဲလဲနေတဲ့ အဘွားတဦးကတော့ မပြေးနိုင်ပဲ မီးထဲပါသွားတယ်” လို့ GZ – 21 Yinmarbin  PDF တာဝန်ခံကိုပီ‌ကေ က ပြောပါတယ်။

 

မီးလောင်သေဆုံးတဲ့ အဘွားကိုတော့ ဖေဖေါ်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက သင်္ဂြိုဟ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ဆုံကုန်းရွာက ဆိတ်အကောင် ၂၀ ကျော်လည်း မီးလောင် သေဆုံးခဲ့ပါတယ်။

 

အဲ့ဒီစစ်ကြောင်းဟာ မတ်လ ၁ ရက် ဒီမနက်အစောပိုင်းမှာလည်း မုံရွာမြို့နယ်၊ ခိုးသန်းရွာကို ဆက်ပြီး မီးရှို့နေတယ်လို့ ဒေသခံတဦးဆီက သိရပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

 

ပုံစာ - ပေကုန်းရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့စဥ်။

 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10