မုံရွာက ရွာတရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်တပ်ကနေအိမ် ၁၁ လုံးကိုမီးရှို့ခဲ့

မုံရွာက ရွာတရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်တပ်ကနေအိမ် ၁၁ လုံးကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမှာ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ၁၃ ရက်မနေ့ကနေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေကဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေဟာ မအူဂိတ်ကနေတဆင့် သက္ကယ်ကျင်းရွာကို ပစ်ခတ်တာတွေမလုပ်ပဲ ခြေလျင်ဝင်ရောက်လာကာ နေအိမ် ၁၁ လုံးကိုမီးရှို့ခဲ့ကြတာလို့ သက္ကယ်ကျင်းဒေသခံတဦးက ပြောပါတယ်။


“ရွာထဲမှာဘာမှမရှိပါဘူး၊ အကုန်လုံးရိုးရိုးသားသားလုပ်စားကြတာပါ။ PDF ရှိတယ်ထင်ပြီး မီးရှို့သွားတာပါ။ သူတို့အခုလိုလုပ်လိုက်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ပြောလည်းမပြောရဲပါဘူး၊ သူတို့လာရင်ပြေးမယ်၊ အဓိက က လူလွတ်အသက်ရှင်ဖို့ပဲ အရေးကြီးတာပါ”လို့ ဆိုပါတယ်။


အိမ်ခြေ ၁၁၀၀ ဝန်းကျင်ရှိတဲ့ သက္ကယ်ကျင်းကျေးရွာဟာ အခုလို မီးရှို့ဖျက်ဆီးခြင်း ခံရတာက ပထမအကြိမ်ဖြစ်တယ်လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အရင်ကတော့ ရွာထဲကို စစ်ကြောင်းထိုးလာတာမျိုးတော့ရှိတယ်၊ မီးတော့မရှို့ခဲ့ဘူး၊ ဒီတကြိမ်တော့ မီးရှို့ခံလိုက်ရတယ်။ မီးရှို့ခံရတဲ့အိမ်တွေကတော့ ဘယ်လိုနေရမယ်မသိသေးဘူး၊ ရွာကတဲထိုးပေးမယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ သက္ကယ်ကျင်းကျေးရွာကိုမီးရှို့ပြီး ညနေ ၄ နာရီလောက်မှာတော့ ရွာကနေထွက်ခွာသွားတဲ့အတွက် တိမ်ရှောင်နေတဲ့ ဒေသခံရွာသားအချို့ကတော့ ညနေ ၅ နာရီလောက်မှ ရွာထဲကိုပြန်ဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10