မုံရွာက ရွှေဆိုင်တချို့ ကျပ် ၁၀ သိန်းနဲ့အထက် ဝယ်ယူလို့မရတော့

မုံရွာက ရွှေဆိုင်တချို့ ကျပ် ၁၀ သိန်းနဲ့အထက် ဝယ်ယူလို့မရတော့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ရွှေဆိုင်တချို့မှာ ကျပ် ၁၀ သိန်းနဲ့အထက်ဝယ်ယူလို့ မရတော့ဘူးလို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက် ဗဟိုဘဏ်က ဇူလိုင် ၃၁ ရက်ကစတင်ကာ ကျပ် ၂ သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်လို့ ဇူလိုင် ၂၂ ရက်က ထုတ်ပြန်လိုက်ပြီးတဲ့နောက် မုံရွာမြို့ပေါ်က ရွှေဆိုင်တချို့ဟာ ရွှေဝယ်ယူမှုကို ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။

“၁၀သိန်းလောက်ထိဆို ရသေးတယ်။ ၁၀ သိန်းနဲ့အထက်ဆို မရတော့ဘူး။ အရောင်းလည်း မရတော့သလို အဝယ်လည်း မရတော့ဘူး။ ရွှေဆိုင်တွေမှာလည်း အရင်လိုဝယ်သူတွေမရှိပေမယ့် ကန့်သတ်လိုက်ကြတာ” လို့ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ဒါ့အပြင် ဆန်၊ ဆီ၊ ဆားအစရှိတဲ့ စားသောက်ကုန်က ကုန်စျေးနှုန်းတွေလည်း မြင့်တက်သွားတဲ့အတွက် မြို့ခံတော်တော်များများဟာ စားသောက်ကုန်တွေကို အရင်ကလို များများစားစားမဝယ်နိုင်တော့ဘဲ အဓိကလိုအပ်တဲ့ ဆန်တွေကိုသာ ဝယ်ယူစုဆောင်းနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“အရင်က ဆီ ပိဿာဗူးတဗူးကိုမှ ထောင်ဂဏန်းပဲပေးရတယ်။ အခု သောင်းဂဏန်း ထိတက်သွားပြီ။ ဆန်တွေဆိုလည်း စျေးတက်သွားတယ်လို့ကြားတယ်။ ကျနော်တို့က အသစ်ထပ်မဝယ်ရသေးတော့ဘယ်လောက်ထိတက်သွားလဲ မသိရသေးဘူး။ ဆန်အိတ်တွေကို ကားတွေနဲ့လာလာဝယ်ကြတာတွေ တွေ့နေရတယ်”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာမှာ စစ်ကောင်စီက ငွေလိုနေလို့ ငွေစက္ကူ ၂၀,၀၀၀ တန်တွေ ရိုက်နှိပ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စစ်အုပ်စုက ဒါကိုထုတ်ပြန်ချက်ထုတ် ငြင်းခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ရွှေဆိုင် #၂၀၀၀၀တန် #ရွှေဈေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10