မုံရွာက PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ်ခဲ့

မုံရွာက PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာအနီးရှိ Defender Of Motherland Force တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၆ ရက်မနေ့က မနက် ၇ နာရီလောက်မှာ စီးနင်းမီးရှို့ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ညောင်ဖြူပင်ရွာနဲ့ ၂ မိုင်လောက်အကွာရှိ တောပုကျေးရွာကနေလာတဲ့ ပျူစောထီးနဲ့စစ်သား အင်အား ၅၀ လောက်က စီးနင်းမီးရှို့ခဲ့တာဖြစ်ပြီး ဝင်ရောက်ချိန်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တဦး ၄၀ မမ ကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

"စစ်သားနဲ့ပျူတွေက လက်နက်ကြီးရော စက်ကလေးတွေနဲ့ပါ ပစ်တယ်။ စခန်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ ရဲဘော်တယောက် ဒဏ်ရာရတယ်” လို့ တပ်ဖွဲ့တာဝန်ခံ Devil ကမြေလတ်အသံကိုပြောပါတယ်။

စခန်းစီးနင်းခံရလို့ မိုင်းမျိုးစုံ ၁၅ လုံး၊ ဘားတိုက် ၂ ဆောင်၊ ထမင်းချက်ဆောင် ၁ ဆောင်၊ ဆန် ၅ အိတ်၊ ဆီ ၂ ပုံးနဲ့ တခြားရိက္ခာကုန်ခြောက်တွေပါ ဆုံးရှုံးသွားတဲ့အတွက် တပ်ဖွဲ့အနေနဲ့ အကူညီလိုအပ်နေတယ်လို့လည်း တာဝန်ခံ Devil က ပြောပါတယ်။ 

စခန်းကိုမီးရှို့ပြီးနောက် စစ်အုပ်စုဟာ ညောင်ဖြူပင်ရွာထဲကို ဝင်ရောက်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကိုမွှေးနီရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

"ရွာထဲကိုပြန်မဝင်ဖို့ ပြည်သူတွေကို ရဲဘော်တွေက ပြောထားတာပါ။ ရွာထဲဝင်ပြီးတော့ သူ့အိမ်က နွားတွေ အစာကျွေးနေတုန်း ဦးခေါင်းကိုပစ်သတ်ခံလိုက်ရတယ်"လို့ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်အုပ်စုရဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်းမှာလည်း ပျက်စီးထိခိုက်မှုတွေရှိနိုင်ပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ညောင်ဖြူပင်ကျေးရွာအပါ အနီးကျေးရွာ ၇ ရွာလောက်ကို လှည့်ပတ်စစ်ကြောင်းထိုးနေတာကြောင့် အဲ့ဒီကျေးရွာတွေက ဒေသခံ ၅ ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #LPDF #စစ်ကောင်စီ #စီးနင်း #မီးရှို့ #ပစ်သတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10