မုံရွာခရိုင်တပ်ရင်း ၁၂ ရဲ့ တပ်ခွဲစခန်း ၁ ခု လေယာဥ်နဲ့ ဗုံးကြဲခံရ

မုံရွာခရိုင်တပ်ရင်း ၁၂ ရဲ့ တပ်ခွဲစခန်း ၁ ခု လေယာဥ်နဲ့ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃၊ လျှပ်စီးတပ်ဖွဲ့စခန်းအနီးကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

တံတားဦးလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက စခန်းအနီးဝန်းကျင်ကို Rocket အလုံး ၂၀ နီးပါးနဲ့ နာရီဝက်ကျော်ပစ်ခတ်ခဲ့တာကြောင့် စခန်းသုံးကား ၁ စီးနဲ့ စခန်းအနီးရှိ ဘုရားအုတ်တံတိုင်းတချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

“စခန်းအနီးမှာရှိတဲ့ ဘုရားအုတ်တံတိုင်း ၁ နေရာပေါက်သွားတယ်။ ကျနော်တို့ကားရဲ့ အရှေ့မှန်ရယ်၊  အင်ဂျင်ရယ်၊ ရှေ့ဘီး ၁ ဖက်ရယ်၊ ဆီပိုက်တွေရယ် ပျက်စီးသွားတယ်။ လေယာဉ်သတင်းရရချင်း ကျနော်သတိထားစောင့်ကြည့်နေချိန် ရောက်လာပြီး ကျနော့်စခန်းကိုပဲ ပစ်ခတ်သွားတာ။” လို့  လျှပ်စီးတပ်ခွဲမှ ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ခိုက်ခံရတဲ့နေရာကနေပြောင်းရွှေ့ပြီး စခန်းအသစ်ပြန်တည်ဆောက်ဖို့ စီစဉ်နေကာ ရဲဘော်တွေကိုလည်းခွဲထားပြီး တပ်ဖျောက်ထားတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ မြေကြီးပေါ်မှာပဲအိပ်တယ်၊ စားတယ်၊ နေထိုင်ပါတယ်။ စခန်းအသစ်ပြန်ဆောက်ဖို့ကလည်း ချက်ချင်းကြီးဆိုတော့ ရန်ပုံငွေရယ်၊ နေရာရွေးချယ်မှု လုပ်ရတာရယ်အတွက် ကြိုးစားနေရပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

လျှပ်စီးတပ်ခွဲတည်ထောင်ခဲ့တဲ့ ၃ နှစ် နဲ့ ၅ လကျော်အတွင်းမှာ အခုလို စခန်းပြောင်းရွှေ့ရတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကလည်း စခန်းချတဲ့နေရာဟာ ရွာနဲ့နီးတဲ့အတွက် လက်ရှိနေထိုင်ခဲ့တဲ့စခန်းကို ပြောင်းရွှေ့ခဲ့ရတာပါ။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့ မြောင်-မြင်းမူ- ချောင်းဦး လမ်းဆုံကို လျှပ်စီးတပ်ခွဲတပ်ဖွဲ့က Fixed Wings ဒရုန်း ၁၀ စီး၊ Multi rotor အမျိုးစားဒရုန်း ၁ စီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စခန်း #လေကြောင်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10