မုံရွာတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၁ ဦးကျ

မုံရွာတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၁ ဦးကျ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ People’s Defence Force - South Monywa - V4 ကထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုဖြစ်ချိန် မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း၊ တပ်ခွဲ (၃)၊ တပ်စု (၂) Youth Vigor Revolution က အသက် ၁၈ နှစ်အရွယ် ရဲဘော်ဇော်ထက်အောင်ရဲ့ ခြေထောက်ကို ကျည်ထိခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတာလို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဒေါင်းကာရန်က ပြောပါတယ်။

မြေလတ်အသံက ကြည့်ရှုခွင့်ရတဲ့ ဓါတ်ပုံတွေမှာတော့ ရဲဘော်ဇော်ထက်အောင်ရဲ့ နဖူးတဝိုက်မှာ ဦးခေါင်းထဲထိ အပေါက်ကြီးဖြစ်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရပါတယ်။

 

အလောင်းကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ပြန်ရခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်မှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တွေဘက်က စူပါကာစတန်ကား ၁ စီး၊ 125 ဆိုင်ကယ် ၁ စီး၊ စူပါကပ်ဆိုင်ကယ် ၁ စီး၊ ကာဘိုင် ၃ လက်၊ ၆၀ မမ ၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ 5.56 ကျည် ၅ ထောင့်၊ 7.62 ကျည် ၅ ထောင့်၊ ယမ်းထုပ် ၁ ပိဿာ၊ စကားပြောစက် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ ကျည်ကာဦးထုပ် ၈ လုံး၊ ကျည်ကာအင်္ကျီ ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေတို့ ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။ 

မုံရွာမြို့ပေါ်နဲ့ ဂိတ်ကနေထွက်လာကြတဲ့ အဆိုပါစစ်ကြောင်းဟာ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ခိုက်မှု မဖြစ်ခင် ဗန်စီနဲ့ နိဗ္ဗာန်ဝရွာကနေအိမ်အဆောက်အဦတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ တာကြောင့် ဗန်စီရွာက နေအိမ် ၁ လုံး၊ နိဗ္ဗာန်ဝကျေးရွာက ကျောင်းဇရပ် ၁ ဆောင်၊ ကြက်ခြံ ၄ ခြံ၊ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။ 

စစ်ကြောင်းဟာ နိဗ္ဗာန်ဝကျေးရွာက ထွက်ချိန်လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တဲ့အတွက် စစ်ရှောင်ပြည်သူ ၄ ဦးကိုလည်း ကျည်ထိမှန်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဘက် ကလည်း ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကြောင်းက မုံရွာမြို့ပေါ်ကို ပြန်သွားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #တိုက်ပွဲ #ရဲဘော် #ကျဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10