မုံရွာ နမခ ဌာနချုပ်ကို PDF က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်

မုံရွာ နမခ ဌာနချုပ်ကို PDF က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို  ဇူလိုင်လ ၁၁ ရက် မနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ရှော့တိုက်ဒုံးနဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မုံရွာမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မုံရွာ - ရေဦးလမ်းဘေးမှာရှိတဲ့ အဲဒီနမခစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်နိုင်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးနိုင်တာတွေရှိပေမဲ့လည်း အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ နမခ**ခြံကို သွားရောက်ပစ်ခတ်တာ အခုနဲ့ဆို ၇ ကြိမ်ရှိပါပြီ။ မနေ့ကပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေကို စုံစမ်းနေတုန်းပါ။ သူတို့( စစ်ကောင်စီ)ဘက်ကလည်း ကျနော်တို့ကို ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်”လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိ ကိုအောင်ကျော်က မြေလတ်အသံကို ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်တွေကို သွားရောက်ပစ်ခတ်ခဲ့ရာမှာလည်း အနီးနားကျေးရွာက ဒေသခံတွေအတွက် အန္တရာယ်မကျရောက်အောင် အတတ်နိုင်ဆုံး ရွာနဲ့ဝေးတဲ့နေရာတွေမှာ မစ်ရှင်တွေကို ပြုလုပ်ခဲ့တယ်လို့လည်း အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။

“ကျနော်တို့ လှုပ်ရှားမှုမှာလည်း ခြေရာလက်ရာဖျောက်နိုင်သလောက် ဖျောက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့စစ်ဆင်ရေးကြောင့် ကျေးရွာဒေသခံတွေ ဒုက္ခမရောက်စေချင်လို့ပါပဲ”လို့ ဆိုပါတယ်။

မုံရွာ နမခတိုင်းစစ်ဌာနချုပ် တပ်ဝန်းအတွင်းမှာ တိုင်းစစ်ဌာနချုပ်ရုံးအပြင် အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ ၁၂ )၊ အမှတ် ၇၄၇ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၇၄၇)၊ အမှတ် ၆ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း (လစရ ၆)၊ အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၀၉) စတဲ့တပ်ရင်းတွေလည်း တည်ရှိတာဖြစ်ပါတယ်။

ဇူလိုင်လ ၅ ရက်လည်း မုံရွာနမခကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မုံရွာခရိုင်အမှတ်(၅)တပ်ရင်းတို့ ပူးပေါင်းပြီး ၁၀၇ မမ လက်နက်ကြီး ၃ လုံးနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နမခ #ရှော့တိုက်ဒုံး #ပစ်ခတ် #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10