မုံရွာနယ်က ကာကွယ်ရေးတပ်စခန်း စီးနင်းခံရပြီး ကျည်ခဲယမ်း၊ ဆိုင်ကယ်တွေနဲ့ အခြားပစ္စည်းတွေ ဆုံးရှုံး

မုံရွာနယ်က ကာကွယ်ရေးတပ်စခန်း စီးနင်းခံရပြီး ကျည်ခဲယမ်း၊ ဆိုင်ကယ်တွေနဲ့ အခြားပစ္စည်းတွေ ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်မှာရှိတဲ့ ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ  ၂၅ ရက် မနေ့က မနက် ၄ နာရီကျော်လောက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့  Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့ဆီက သိရပါတယ်။

ချောင်းဦးနယ် မြပုလဲဂိတ်နဲ့ ဘက်စုံမွေးမြူရေးစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ပျူစောထီးပူး ပေါင်းတပ်ဖွဲ့ အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတယ်လို့ သတင်းရတဲ့အတွက် စခန်းကနေရွေ့ပြောင်းဖို့ ပြုလုပ်နေချိန် အခြားစစ်ကြောင်းတကြောင်းက ရောက်လာလို့ စခန်းကိုစွန့်ခွါထားခဲ့ရတယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းကနေထွက်ခွာဖို့ လုပ်နေချိန်  မုံရွာမြို့ပေါ်ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ နောက်ထပ်စစ်ကြောင်းတကြောင်းဟာ ကာကွယ်ရေးစခန်းရဲ့ မြောက်ဘက်ကို ရောက်ရှိလာတဲ့အတွက်  ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စခန်းမှာရှိနေတဲ့ ပစ္စည်းတချို့ကို မယူဆောင်နိုင်တော့ဘဲ လက်နက်ပစ်ကူပေးပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ထင်ထားတာက မြပုလဲဂိတ်ကကောင်တွေ နဲ့ ဘက်စုံမွေးမြူရေးကကောင်တွေ ကျနော်တို့စခန်းကို လာမယ်ပေါ့ ကျနော်တို့လည်း သူတို့လာမဲ့လမ်းကို ကင်းတွေချထားခဲ့တယ်။ တကယ်လာတာကတော့ စခန်းရဲ့ မြောက်ဘက်က နောက်ထပ်တဖွဲ့က ဝင်လာတာ မထင်မှတ် တဲ့နေရာကနေ ဝင်စီးခံလိုက်ရတော့ ဘာမှတောင်ယူချိန်မရလိုက်ဘူး” လို့ Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စခန်းကိုရုတ်တရက်ဝင်စီးခံလိုက်ရတဲ့အတွက် စခန်းထဲက RPG ကျည် အဖူး ၃ ဖူး ၊ ကျည်အထောင့် ၂၀၀၊ ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၄ စီး၊ မီးစက်နဲ့ စားနပ်ရိက္ခာတွေကိုဆုံးရှုံးလိုက်ရတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာမှ RPG ကျည်အဖူး ၃ ဖူးဝယ်ယူထားတာ ၂ ရက်ခန့်သာရှိသေးတယ်လို့လည်း ဆိုပါတယ်။

စခန်းနားကို စစ်ကောင်စီစစ်ကြောင်းတွေရောက်ချိန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ငယ် ၄ လက်နဲ့ ပစ်ခတ်ပြီးဆုတ်ခွာခဲ့တဲ့အတွက် ကာကွယ်ရေးဘက်မှ ထိခိုက်သေဆုံးတာတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းတွေ စခန်းကနေပြန်ထွက်ပြီး ၁ နာရီလောက်အကြာမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းထဲကို ပြန်လည်ဝင်ရောက်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ကာကွယ်ရေးစခန်းထဲက ပစ္စည်းတွေကို ကားတွေ နဲ့ သယ်ယူသွားပြီး စခန်း နဲ့  ၃ မိုင်အကွာလောက်မှာရှိတဲ့ ရွာမကြီးရွာထဲကိုဝင်ရောက်သွားချိန် ရွာထဲမှာ စစ်ရှောင်ဖို့လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း ပစ်သတ်သွားသလို နေအိမ်တလုံး ၊ ကားတစီး နဲ့ ဆိုင်ကယ် ၂ စီးတို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့ဟာ အခုလို စခန်းဝင်စီးခံရတာ ၄ ကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တကြိမ် ၊ ၂၀၂၃ ခုနှစ်မှာ ၂ ကြိမ် ၊ ၂၀၂၄ ခုနှစ်မှာ တကြိမ်တို့ပဲဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စားသောက်ဖို့ကို ရွာသားတွေက ကူညီဆောင် ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ပုံစာ ။ ရွာမကြီးရွာက ပြည်သူတွေ ရဲ့ ကား နဲ့ ဆိုင်ကယ်တွေကို စစ်တပ်က မီးရှို့သွားပုံ

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #PDF #စခန်းစီးနင်းခံရ #ဆုံးရှုံးမှု #တော်လှန်ရေးအင်အားစု #MonywaSpecialဒိတ်ဒိတ်ကြဲ #စစ်ကောင်စီ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10